အရှေ့အိန္ဒိယကုမ္ပဏီတပ်များကို ဦးဆောင်ခဲ့သည့် ဆာအာချီဘောကင်းဘဲ
၅ မတ် ၁၈၂၄ - နိုဝင်ဘာ ၁၈၂၄
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၁)
room United Kingdom
people King Bodawpaya Alaungpaya Sir Archibald Campbell Bandula Lord William Amherst Colonel Arthur Wellesly
၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် တစ်ဖြစ်လဲ ဝီလီယံခံတပ် (Fort William) ၏ ဘုရင်ခံချုပ် လော့ဒ်ဝီလီယံအမ်းဟတ်စ် (Lord William Amherst - နောင်တွင် ရခိုင်နယ်စား အမ်းဟတ်စ်) သည် အင်းဝနေပြည်တော်ကို တရားဝင် စစ်ကြေညာသည်။ ထိုစစ်ပွဲမှာ နှစ်နှစ်ကျော် ကြာခဲ့ပြီး ဗြိတိသျှစစ်သမိုင်းကြောင်းတွင် ကုန်ကျစရိတ်အများဆုံး (ယနေ့ခေတ် တန်ဖိုးဖြင့် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံမျှ) ရှိခဲ့သည့် စစ်ပွဲကြီး ဖြစ်သည်။ ဥရောပစစ်သား၊ အိန္ဒိယစစ်သားနှင့် မြန်မာစစ်သားများ အပြင် ပြည်သူများ ထောင်သောင်းချီ ကျဆုံးခဲ့ရသည်။ အာသံပြည် (Assam)၊ မဏိပူရပြည် (Manipur)၊ ရခိုင်ပြည်နှင့် တနင်္သာရီဒေသများကို အရှေ့အိန္ဒိယကုမ္ပဏီက (East India Company) သိမ်းယူပြီးမှ စစ်ပြီးဆုံးသွားသည်။ စစ်ရှုံးသည့် အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံမျှ တန်ဖိုးရှိသည့် လျော်ကြေးကိုလည်း ပေးဆောင်ခဲ့ရသဖြင့် မြန်မာ့စီးပွားရေးမှာလည်း မျိုးဆက်တစ်ဆက်စာကြာ အထိနာခဲ့ရသည်။
စစ်ပြင်ကြသည့် မင်းတရားကြီး၏ စစ်သည်တော်များ
ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းဘုရား၏ မြစ်၊ ဘိုးတော်ဘုရား၏ မြေး ဘကြီးတော် နန်းစံနေစဥ် ဖြစ်သည်။ ထီးနန်းဆက်ခံစဥ်က တိုင်းပြည်မှာ အင်အား အထွတ်အထိပ် ရောက်နေချိန် ဖြစ်သည်။ ဗြိတိသျှတို့က ဘကြီးတော်ဘုရားသည်“သိမ်မွေ့ဖော်ရွေပြီး စိတ်ရင်းကောင်းကာ လိုက်လျော ညီထွေစွာ နေထိုင်တတ်သူ” ဟု ဖော်ပြခဲ့ဖူးသည်။ “ဇာတ်သဘင်ပွဲများ၊ ဆင်ကျော့ခြင်းနှင့် လှေပြိုင်ပွဲတို့ကို ဝါသနာထုံသည်” ဟု လူသိများသည်။ ၁၈၂၄ ခုနှစ်တွင် ဘကြီးတော်သည် "စစ်လိုလားသော အုပ်စု"၏ သြဇာသက်ရောက်နေပြီး ယင်းတို့က ဗြိတိသျှတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် တွန်းအားပေးသည်။ အဆိုပါ စစ်မက်လိုလားသော အုပ်စုတွင် ဘကြီးတော်၏ မိဖုရားခေါင်ကြီး မယ်နုနှင့် အာဏာမက်လှသော ယောက်ဖတော် စလင်းမင်းသားကြီး ပါဝင်သည်။
စစ်လိုလားသော အုပ်စုထဲတွင် ပါဝင်သည့် အခြား ပုဂ္ဂိုလ်တစ်ဦးမှာ မြန်မာ့စစ်သူကြီး အလုံမြို့ဝန် မင်းကြီးသတိုးမဟာဗန္ဓုလ ဖြစ်သည်။ ခေတ်သစ် မြန်မာ့လက်နက်ကိုင် အင်အားစု၏ သူရဲကောင်းကြီး ဖြစ်သည့် မဟာဗန္ဓုလမှာ ထိုစဉ်က အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ရည်မှန်းချက်ကြီးသူ ဖြစ်သည်။ မထင်ရှားသော မင်းမှုထမ်းမျိုး မိသားစု၏ သားအကြီးဆုံး ဖြစ်သည့် အလျောက် ဖခင် ကွယ်လွန်သည့်အခါ ငယ်စဉ်ကပင် မိသားစုကို တာဝန်ယူခဲ့ရသည်။ အရပ်အမောင်း ဂင်တိုတိုနှင့် ဗန္ဓုလသည် တုတ်ထိုးအိုးပေါက် ပြောဆိုတတ်ခြင်း အပြင် စစ်တိုက်ရာတွင် ထူးချွန်သဖြင့် လူသိများသည်။ ပထမတွင် အိမ်ရှေ့မင်း၏ အထူးတာဝန်ပေးမှုများကို ထမ်းရွက်ရပြီး နောက်ပိုင်းတွင် ဒီပဲယင်းမြို့ကို စားရကာ နန်းတွင်း၌ ရာထူးအဆင့်ဆင့် တက်လာခဲ့သည်။ ထိုနောက်ပိုင်း ရာထူးတက်မြန်ကာ အနောက်ဘက်သို့ ကျူးကျော်ရေးကို လိုလားသော နန်းတွင်း မှူးကြီးမတ်ရာအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။
ဗန္ဓုလ၏ လက်အောက်တွင် တိုင်းပြည်၏ အကောင်းဆုံး တပ်မ ၁၂ ခု ရှိသည်။ ထိုထဲမှ တပ်ရင်းတစ်ခုကို သူကိုယ်တိုင် ကွပ်ကဲသည်။ စုစုပေါင်း အင်အားမှာ စစ်သည်အယောက် တစ်သောင်းနှင့် မြင်းကောင်ရေ ၅၀၀ ဖြစ်သည်။ သူ၏ တပ်မှူးစစ်ကဲများထဲတွင် စလေမြို့စား၊ ဓညဝတီမြို့ဝန်၊ ဝန်းသိုမြို့ဝန်၊ တောင်ငူမြို့ဝန်ကဲ့သို့ ဘွဲ့ထူးဂုဏ်ထူး အများဆုံးရထားသော သူရဲကောင်းစစ်သည်များ ပါဝင်သည်။ ယခုခေတ်ကဲ့သို့ပင် ထိုခေတ်အခါက အထက်တန်းအရာရှိများသည် အုပ်ချုပ်ရေးနှင့် စစ်ရေးကို ပူးတွဲတာဝန်ယူရသည်။ ဂျိန်းတိယနယ်နှင့် ကချာနယ်သို့ ချီတက်သော တပ်များကို ဗန္ဓုလ၏ ထိပ်တန်းဗိုလ်မှူးများ ဖြစ်ကြသော ပခန်းမြို့စား သတိုးသီရိမဟာဥဇ္ဇနာတို့က ဦးဆောင်ခဲ့သည်။
အရှေ့အိန္ဒိယကုမ္ပဏီ၏ အင်အား
ဗြိတိသျှတပ်များကို ဦးဆောင်သူမှာ ဆာအာချီဘောကင်းဘဲ (Sir Archibald Campbell) ဖြစ်သည်။ ၎င်းသည် စကော့တလန် တောင်ကုန်းဒေသ (Scottish Highlands) ရှိ ဂလန်လီယွန်မြို့ (Glen Lyon) နေ စစ်သည်မျိုးနွယ် မိသားစုမှ ပေါက်ဖွားလာသည်။ အရှေ့အိန္ဒိယကုမ္ပဏီတွင် အမှုထမ်းလာသည်မှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိသည့် ဝါရင့်စစ်သားတစ်ယောက် ဖြစ်သည်။ အိန္ဒိယတောင်ပိုင်းနှင့် စူလတန်တီပူး (Sultan Tipu) ကို တိုက်ခိုက်သော စစ်ပွဲများတွင် အဓိက ပါဝင်ခဲ့သည်။ ကျွန်းဆွယ်စစ်ပွဲကြီးတွင်လည်း (နောင်တွင်ဖြစ်လာမည့်) ဝယ်လင်တန်မြို့စား (Duke of Wellington) ၏ လက်အောက်မှ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ဥရောပစစ်ပွဲများ အကြောင်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံလေ့လာ သိရှိထားသူ ဖြစ်သည်။ ဘင်္ဂလားနယ် (Bengal) ရှိ ဝီလီယံခံတပ် (Fort William) နှင့် မဒရပ်မြို့ (Madras) ရှိ စိန့်ဂျော့ချ်ခံတပ် (Fort St. George) တို့မှ ပူးပေါင်းလာသည့် အင်အား တစ်သောင်းကျော်သည် ရေကြောင်းလမ်းဖြင့် ချီတက်လာခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ရန်ကုန်ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ရန် ဖြစ်သည်။
အင်္ဂလိပ်တို့ ပင်လယ်ကြောင်းမှ စစ်ချီလာကြောင်းကို ကာလကတ္တားမြို့ (Calcutta) သို့မဟုတ် မဒရပ်မြို့ရှိ သူလျှိုများမှတစ်ဆင့် အမရပူရနေပြည်တော်မှ သိရှိသွားသည်။ မည်သို့ ရင်ဆိုင်ကြမည်နည်း။ ဘင်္ဂလားနယ်စပ်ရောက်နေသည့် ဗန္ဓုလနှင့်တပ်များကို ပြန်ခေါ်သင့်သလား။ ထိုသို့ဆိုလျှင် အနောက်ဒေသ စစ်မျက်နှာ ကျကာ ရခိုင်ပြည်နှင့် အာသံပြည်ကို လက်လွှတ်ရမည့်မှာ သေချာသည်။ အင်္ဂလိပ်တို့၏ အင်အား မည်မျှ ကြီးမားပါသလဲကို မည်သူမှ အတပ်မပြောနိုင်။ သို့သော် ရွေးချယ်ရမည့် စစ်ဗျူဟာမှာ ရှင်းသည်။ အနောက်စစ်မျက်နှာကို လောလောဆယ် တပ်ခေါက်ပြီး အင်္ဂလိပ်တို့ ကမ်းဆိုက်လာသည်နှင့် အားကုန်တိုက်မည်။ သို့မဟုတ်ပါက ကမ္မသကာ သဘောထားကား စစ်မျက်နှာ နှစ်ခုစလုံးကို ထိန်းထားပြီး အဆင်ပြေသွားဖို့ မျှော်လင့်ကြမည်။ မြန်မာတို့က အကောင်းဆုံးကို မျှော်လင့်ကြသည်။ ကံကောင်းထောက်မလျှင် အင်္ဂလိပ်တို့ ကမ်းတက်သည်နှင့် ချေမှုန်းခံရမည်။ ဗန္ဓုလ၏တပ်များသည်လည်း ထိုးဖောက်ကာ အရှေ့ဘင်္ဂလားနယ်ကို သိမ်းနိုင်ပေလိမ့်မည်။ အဓိကမှာ အင်္ဂလိပ်တပ်များ ရောက်သည်နှင့် ရန်ကုန်မြို့တွင်သာ အပြတ် ချေမှုန်းပစ်ရန် ဖြစ်သည်။။ ထို့ကြောင့် မြန်မာတို့က အင်္ဂလိပ်တို့ တစ်ခါမှ မမြင်ဖူးသေးသော နည်းပရိယာယ်များ သုံးရမည်။
ဗြိတိသျှ စစ်ဗျူဟာမှူးများက ရန်ကုန်မြို့ကို အပိုင်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မြန်မာနန်းတွင်းက စစ်ပြေငြိမ်းရန် တောင်းဆိုလိမ့်မည်ဟု မျှော်လင့်ထားသည်။ စစ်တော့ တိုက်ရမည်၊ ပြင်းထန်သော တိုက်ပွဲမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် မြန်မာပြည်၏ ဒုတိယမြို့တော်ကို များမကြာမီ သိမ်းနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခံနေရသည့် သာမန်ပြည်သူများကလည်း အုံကြွ၍ ဗြိတိသျှတို့ဘက် ကူညီကောင်း ကူညီနိုင်သည်။ အကောင်းဆုံး အနေအထား ဖြစ်လာလျှင် မြန်မာဘုရင်၏ သံတမန်အဖွဲ့က စေ့စပ်ညှိနှိုင်းရန် ဆိုလာသည့်အခါ အပေးအယူလုပ်ပြီး ကုမ္ပဏီ အတွက် အရေးသာသော စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်။ အဆိုးဆုံး အခြေအနေကို တွက်ရလျှင် မြန်မာတို့က အလွယ်တကူ လက်နက်ချလိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြစ်ပါက ရန်ကုန်မြို့ကို အခြေစိုက်စခန်းအဖြစ် သုံးကာ လှေများနှင့် လှေသမားများကို ချောဆွဲမည်။ ရိက္ခာပြန်လည် ဖြည့်တင်းမည်။ ထို့နောက် မြန်မာမင်းနေပြည်တော်ရှိရာ မြောက်အရပ်သို့ အလျင်အမြန် စစ်ချီသွားမည်။ စစ်ဆင်ရေးကြီးမှာ ရက်သတ္တပတ် အတွင်း မဟုတ်လျှင်တောင် လအနည်းငယ် အတွင်း ပြီးဆုံးသွားမှာ သေချာသည်။ သို့သော် တကယ်တမ်း ဖြစ်လာသည့် အခြေအနေကို ရင်ဆိုင်ရန် ဗြိတိသျှကို စီမံထားခြင်း မရှိချေ။
တစ်စပြင်
မေလ ၁၁ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ မြင့်မားသော သစ်သားသင်္ဘောကြီးများ ဆိုက်ရောက်လာချိန်တွင်မူ ဗြိတိသျှတို့သည် ဟိုတစ်ကွက် သည်တစ်စ တောက်လောင်နေသော မီးများကိုသာ မြင်ရသည်။ ရန်ကုန်မြို့တွင်းနှင့် ပတ်ဝန်းကျင်တစ်ခွင်ရှိ ကင်းစခန်းများ မီးလောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ အိတ်ချ်အမ်အက်စ် လစ်ဖီ သင်္ဘော (HMS Liffy) သည် ကမ်းကပ်လာကာ ကုမ္ပဏီတပ်မှ စစ်သားများ မြန်မာ့မြေပေါ် ခြေချသည်။ သို့သော် ဘာတိုက်ပွဲမှ မရှိ။ အမြောက်လည်း ပစ်စရာ မရှိ၊ သေနတ်လည်း ဖောက်စရာ မလို။ ပိုဆိုးသည်မှာ လူသူကင်းမဲ့နေသည်။ စစ်သား မရှိ၊ အရပ်သား မရှိ။ တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်ကာ မြို့ပျက်ကြီးကဲ့သို့ပင်။ မြန်မာတို့က မြေလှန်စနစ် ကျင့်သုံးခဲ့လေပြီ။ သိမ်းပိုက်စရာ လှေတစ်စင်းမှ မရှိ။ လှေထိုးသား ဆိုသည်မှာ နတ္ထိ။ စားနပ်ရိက္ခာ ဆိုသည်မှာ ဝေလာဝေး။ ဆာအာချီဘောနှင့် သူ့လူများကို ဝမ်းသာအားရ ကြိုဆိုမည့် အဖိနှိပ်ခံ ပြည်သူပြည်သားများကိုလည်း ရေးရေးမှ မမြင်။
မြန်မာတို့ တပ်ဆုတ်သွားပုံက ဗြိတိသျှတို့ကို အထိနာစေခဲ့သည်။ စားနပ်ရိက္ခာ အထောက်အပံ့ မရှိသည့်အပြင် ပူးပေါင်းမည့်သူလည်း မရသည့် အတွက် ဗြိတိသျှတို့ကို တုန်လှုပ်စေခဲ့သည်။ သတင်းအချက်အလက် အစအနလဲ မရ။ ကျူးကျော်သူများ မရောက်လာမီ ဒေသခံများနှင့် လူထုတစ်ရပ်လုံး ပျောက်ခြင်းမလှ ပျောက်သွားသည်မှာ ပတ်စာခွာ ဖျာသိမ်းသွားသည့်နှယ်။ အသုံးဝင်မည့်အရာ တစ်ခုမှပင် ချန်မထားခဲ့။ သတင်းအစအနပင် မကျန်။ လက်နက်ချသည့် အလံဖြူကိုရော၊ စေ့စပ်ညှိနှိုင်းမှုများပါ ဖြစ်လာစရာ မရှိ။
ရန်ကုန်မြို့မှ ခရီးဆက်နိုင်ရန် လှေသင်္ဘောများမှာ အခရာ။ သို့သော် လှေသင်္ဘောများ မရှိ။ ဖုန်ထူပြီး အသွားအလာ နည်းပြီး လမ်းဟု ဆိုနိုင်ရုံသာ ရှိသော လူသွားလမ်း အချို့တော့ ရှိသည်။ ရေလမ်းမှ လွဲလျှင် ငှက်ဖျားပေါသော တောနက်များက ခြားထားသည့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ ရွာများသာ ရှိသည်။ စိန့်ဒေးဗစ်ခံတပ်မှ စစ်ဗျူဟာမှူးများ မသိသည်မှာ ဧရာဝတီမြစ် အတွင်းရှိ လှေပိုင်ရှင် အားလုံးသည် မြန်မာမင်း အမှုထမ်းများ ဖြစ်သဖြင့် မျိုးစဉ်ဘောင်ဆက် အမွေဆက်ခံ အုပ်ချုပ်သော ဒေသဆိုင်ရာ အကြီးအကဲများ၏ လက်အောက်တွင် ညီညွတ်သော တပ်ရင်းများ အဖြစ် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ကြောင်းတည်း။ တိုင်းရေးပြည်ရေး အေးချမ်းစဥ် ကုန်စည်နှင့် ခရီးသွားတို့ အတွက် ကူးတို့ပို့ခြင်းအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုသည်။ စစ်ဖြစ်သည့် ကာလတွင်မူ ၎င်းတို့သည် ဘုရင့်တပ်သားများ ဖြစ်ပြီး အစရှာမရအောင် ပျောက်ချင်းမလှ ပျောက်သွားကြတော့သည်။
နောက်ရက်ပေါင်းများစွာ ကြာအောင်ပင် ဆာအာချီဘောကင်းဘဲသည် မည်သို့ ရှေ့ဆက်ကြမည်ကို ဗြိတိသျှ အရာရှိများနှင့် တိုင်ပင်ဆွေးနွေးနေခဲ့သည်။ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် ခံစစ်စခန်းချရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ခုခံမှု မဖြစ်စလောက်သာ ကြုံရပြီး ဗြိတိသျှနှင့် အိန္ဒိယစစ်သားများသည် မြောက်ဘက်သို့ ချီတက်ကာ ရွှေတိဂုံစေတီတော်၊ သိဂုင်္တ္တရကုန်းတော်နှင့် အနီးအနားရှိ ရွာငယ်အတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့ မြင်နေရသော စိမ့်တောနှင့် ရေအိုင်ကလေးများ အလွန်တွင် ဘာရှိမှန်းပင် မသိကြ။ အရာရှိတစ်ဦးက “ရန်သူ့တပ် အခြေအနေနှင့် ပတ်သက်၍ သတင်းအစအနရော ကောလာဟလပါ တစ်စိုးတစ်စေ့မှ မသိရပါ။ ကျွန်ုပ်တို့ စခန်းမှ ကျော်လျှင် အရာအားလုံးသည် ပဟေဠိဆန်စွာ မပီဝိုးဝါး ထင်ကြေးများ အဖြစ်သာ ရှိသည်”ဟု မှတ်တမ်းတင်ခဲ့သည်။
အတော်ဆုံးနှင့် အရဲရင့်ဆုံး
ကင်းဘဲ မသိသောအချက်မှာ ကုမ္ပဏီ၏ နောက်ဆုံးတပ်စခန်း အလွန်တွင် မြန်မာစစ်သူကြီးများက လူအင်အား နှစ်သောင်းကျော်ဖြင့် တပ်စွဲထားသည်။ ရန်ကုန်မြို့မှ ဆုတ်ခွာပြီးနောက် မြန်မာတို့သည် အရှေ့အနောက် ၁၀ မိုင်ရှည်သော လခြမ်းပုံစံ ကတုတ်ကျင်းများကို အားသွန်ခွန်စိုက် တူးဖော်ဆောက်လုပ်ခဲ့သည်။ အမြောက်နှင့် သေနတ်စစ်သည်များက မြို့အထွက်လမ်းကို မျက်နှာမူကာ တောင်ပူစာများပေါ်တွင် ဖြန့်ကျက်နေရာယူထားသည်။ ၎င်းတပ်များကို ဘကြီးတော်ဘုရား၏ ဖအေတူ မအေကွဲ ညီတော် စစ်ရေးကျွမ်းကျင် ဝါရင့်သော ဒွာရဝတီမင်းသားက ကွပ်ကဲသည်။ ယခင်က ရှမ်းကုန်းပြင်မြင့်ရှိ ဘုရင့်မြို့စောင့်တပ်၏ တပ်မှူး ဖြစ်ခဲ့သည်။ အခြားသော မင်းညီမင်းသား အများအပြားတွင် နောင်အခါ ဘုရင်ဖြစ်လာမည့် သာယာဝတီမင်းသားလည်း ပါသည်။ မင်းသားများက ကကြိုးတန်ဆာ ဆင်ထားသော ဆင်များကို စီးကြသဖြင့် တော်ဝင်မျိုးနွယ် ဖြစ်ကြောင်း သိသာလှသည်။ ရန်ကုန်မြို့ မြောက်ဘက်ရှိ တောအုပ်များထဲတွင် ဇလွန်မြို့စားနှင့် ယောမြို့စားတို့ အပြင် တရုတ်နယ်စပ် အနီး ဝေးလံခေါင်သီသော ရှမ်းပြည်ထောင်နယ်မှ ကံမြိုင်စော်ဘွားတို့ကလည်း တိုက်ခိုက်ရန် စောင့်မျှော်နေကြသည်။
ဘုရင့်ရေတပ်မှ စစ်ဦးစီးမှူး သတိုးမင်းကြီး မင်းမဟာသည်လည်း လှေထိုးသား တစ်ထောင်ကျော်နှင့် လှေအမြောက်အမြားကို ကိုယ်တိုင်ဦးစီးကာ အင်းဝမြို့မှ စုန်ဆင်းလာသည်။ ဘကြီးတော်ဘုရားကလည်း နန်းတော်စောင့်တပ်ရှိ ထိပ်တန်း စစ်သည်တော်များကိုပါ စေလွှတ်သည်။ လက်ဝဲဝင်းမှူး မင်းကြီးမဟာမင်းခေါင်နှင့် အထင်ကရ မြင်းတပ်စစ်သူကြီး သီရိမဟာဇေယျသူရတို့လည်း ပါဝင်သည်။ ထိုစဉ်က ဗန္ဓုလနှင့် ထိပ်တန်း စစ်သူရဲကောင်းများမှာ အနောက်ဖက် ရှေ့တန်းစစ်မျက်နှာတွင်သာ ရှိနေသေးသည်။ သို့သော် မြန်မာပြည်သည် စစ်အင်အား တောင့်တင်းသော တိုင်းပြည်တစ်ခု ဖြစ်သည့်အလျောက် တိုက်ပွဲဝင်မည့်သူများ မရှားလှ။ အထက်တန်းလွှာ အများစုမှာ မျိုးရိုးစဉ်ဆက် စစ်ပွဲများစွာတွင် အောင်ပွဲခံလာသည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ ယခုလည်း ရန်ကုန်မြို့ကို ပြန်သိမ်းနိုင်ပါမှ သိက္ခာဆယ်နိုင်မည်။ မေလအကုန်ပိုင်းတွင် ထိတ်လန့်စရာ မုန်တိုင်းကြီးများက အနောက်တောင် မုတ်သုံလေ ဝင်လာပြီဖြစ်ကြောင်း ကြွေးကြော်နေချိန်တွင် မြန်မာတို့မှာ စစ်ပွဲဆင်နွှဲရန် အဆင်သင့် ရှိနေခဲ့လေပြီ။
မေလ ၂၈ ရက်နေ့တွင် မဒရပ်စ်မြို့မှ စစ်ကူ အင်အားသစ်များ ရောက်လာသည်နှင့် ဆာအာချီဘောကင်းဘဲက အနီးဆုံး မြန်မာရှေ့တန်းကို တိုက်ခိုက်ရန် အမိန့်ပေးသည်။ ဦးစွာ အမြောက်နှင့်ဖိပစ်၍ မြန်မာတို့ကို အားလျော့စေပြီးမှ ဝင်ရောက်စီးနင်းကြသည်။ နှစ်ပတ်အကြာတွင် အိန္ဒိယ၊ ဥရောပ ခြေလျင်တပ်ရင်းကြီး ၄ ခုကို သုံးကာ အင်အားအလုံးအရင်းနှင့် ကြည့်မြင်တိုင်ကို ဝင်စီးသည်။ မြစ်ကမ်းအနီးတွင် တည်သည့် ကြည့်မြင်တိုင် သစ်လုံးခံတပ်သည် အင့်အားတောင့်သည်။ အစတွင် ခံတပ်ကို မြစ်အတွင်းရှိ စစ်သင်္ဘောများမှ အမြောက်နှင့် ပစ်ခတ်သည်။ ခံတပ်မကျမီ မြန်မာ အယောက် ၂၀၀ ခန့် သေဆုံးခဲ့သည်။ သေဆုံးသူများနှင့် သေလုနီးပါး လူများကို ထိုအတိုင်း ချန်ရစ်ထားခဲ့ကြရာ ရန်ကုန်မြို့နှင့် မလှမ်းမကမ်းရှိ နယ်တစ်နယ်၏ မြို့ဝန်တစ်ဦးကို ရွှေထီးအနီးတွင် ကျဆုံးလျက်သား တွေ့ရှိခဲ့သည်။ မကြာမီပင် မြန်မာတပ်များသည် ပင်မခံတပ်ကြီးကို စွန့်ခွာကာ ရွှေတိဂုံဘုရားနှင့် ငါးမိုင်အကွာရှိ ကမာရွတ်သို့ တပ်ဆုတ်သွားရတော့သည်။ ဇူလိုင်လ ၈ ရက်နေ့တွင် တိုက်ပွဲကြီး နောက်တစ်ခု ဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ပွဲတွင်လည်း ဗြိတိသျှတို့က အနိုင်ပိုင်းနိုင်ပြီး မြန်မာစစ်သည် ၈၀၀ ခန့် ကျဆုံး၊ ဒဏ်ရာရသည်။ ထိုအထဲတွင် ဘုရင့်ဝန်ကြီးတစ်ပါးနှင့် နန်းတွင်းအမတ်ကြီးများပင် ပါဝင်သည်။ ရှေ့တန်းစစ်မျက်နှာ နောက်ရှိ မြန်မာကျေးရွာများတွင် ဒဏ်ရာရ မြန်မာစစ်သည်တော်များနှင့် ပြည့်နှက်နေလေတော့သည်။
အပူပိုင်းဒေသ၏ ရောဂါဘယများ
ဤကဲ့သို့ ကနဦးအောင်မြင်မှုများ ရရှိခဲ့သော်လည်း ဗြိတိသျှတို့အတွက် အခြေအနေမှာ အလျင်အမြန်ပင် ဆိုးဝါးလာနေသည်။ ၁၇၆၀ ပြည့်နှစ်များက ကျူးကျော်ဝင်ရောက်လာသော မန်ချူးတပ်များကဲ့သို့ပင် မြန်မာပြည်ရှိ ကြောက်စရာ အကောင်းဆုံးသော ရန်သူကို ဗြိတိသျှတို့ ရင်ဆိုင်ကြရတော့သည်။ ထိုသည်မှာ ရောဂါဘယတည်း။ ဗြိတိသျှစစ်သားများသည် မိုးရေများ ရွှဲရွှဲစိုကာ နေထိုင်စားသောက်အိပ်စက်ရသည်။ လတ်ဆတ်သော အစားအသောက်များကလည်း ရှားပါးလှရာ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားသော အပူပိုင်းဒေသ ရောဂါများကို မလွန်ဆန်နိုင်ဘဲ စစ်သားထောင်နှင့်ချီ၍ ပျက်သုဉ်းကြရသည်။ စက်တင်ဘာလသို့ ရောက်သောအခါ နာမကျန်းဖြစ်မှုကြောင့် ကင်းဘဲ၏ စစ်တပ်တွင် လူအများအပြား သေကုန်ပြီ ဖြစ်သည်။ သိင်္ဂုတ္တရကုန်းတော် အနီးရှိ အဓိကစခန်းများကို ညဉ့်နက်သန်းခေါင်းမှ အားကြိုမာန်တက် ဝင်ရောက်တိုက်ခိုက်သော မြန်မာတပ်များကိုလည်း ခဲယဉ်းစွာ ခုခံနေကြရသည်။ ကံကောင်းထောက်မ၍ မြန်မာပိုင် တနင်္လာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ထားဝယ်နှင့် မြိတ်ကို ကုမ္ပဏီက သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထိုသာယာသော ပင်လယ်ကမ်းခြေမြို့များတွင် ညနေခင်း လေပြေလေညှင်းမှာ အေးမြလန်းဆန်းလှသည်။ တဖြည်းဖြည်းနှင့် တိုး၍လာသည့် ဗြိတိသျှ လူမမာများအတွက် နလန်ထစခန်း အဖြစ် အသုံးပြုနိုင်ခဲ့သည်။
အင်းဝနေပြည်တော်သည်လည်း အနေအထား အတိမ်အနက်ကို သိလာသဖြင့် ထိတ်လန့်ကာ စစ်ကူများ ထပ်လွှတ်ပေးသည်။ ကချာနယ် (Cachar) နှင့် ဂျိန်းတိယနယ် (Jaintia) မှ တပ်များကို အမြန်ဆင့်ခေါ်သဖြင့် ဗန္ဓုလ ကိုယ်တိုင် တပ်ရုတ်ကာ ဌာနေသို့ ပြန်ကြရန် တပ်များကို အမိန့်ပေးသည်။ အင်အားသိန်းချီသည့် တပ်များနှင့် ရခိုင်ရိုးမကို ကျော်ကာ ပြန်လာရမည့် အရေးမှာ ရာသီဥတုကောင်းသည့်အချိန်တွင်ပင် မလွယ်ကူလှ။ ရခိုင်ရိုးမသည် သစ်တောများ ထူထပ်လှပြီး လူသွားလမ်းများက ကျဉ်းမြောင်းလှသည်။ ကျား၊ ကျားသစ်များ၏ ရန်ကလည်း ရှိသေးသည်။ ဤသည်ကို မိုးသည်းထန်သည့် ကာလတွင် ခြင်၊ ယင်၊ မှက်စသည့် ပိုးမွှားအုပ်လိုက် အကြားမှ ခရီးဆက်လာရသည်မှာ ခက်ခဲကြမ်းတမ်းလှသည်။ သို့ပေသိ ဗန္ဓုလနှင့် လက်ထောက် ဥဇ္ဇနာတို့၏ ဦးဆောင်မှုနှင့် ထောက်ပို့ရာတွင် ကျွမ်းကျင်မှုတို့ကြောင့် စွမ်းဆောင်နိုင်ခဲ့သည်။ ကျေးဇူးတင်လှသော မြန်မာဘုရင်က ယင်းတို့အား ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ကာ မြှောက်စားပါသည်။ စစ်သူကြီးနှစ်ဦးစလုံး စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးရာထူး အဂ္ဂမဟာသေနာပတိဝန်ကြီးဘွဲ့ အပ်နှင်းခံရသည်။ တိုက်ပွဲတွင် အသက်မသေဘဲ ကျန်ရှိနေသော စစ်ပြန်များကိုလည်း ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ပြီး ရာထူးတိုးမြှင့်ပေးသည်။ ဗန္ဓုလကို စစ်တောင်းမြို့စား ခန့်အပ်သည်။ ဘကြီးတော်မှာ စိုးရိမ်ပူပန်နေသလို ပူပင်စရာ အကြောင်းကလဲ ရှိနေသည်။ မဒရပ်ပြည်မှ အိန္ဒိယနှင့် ဥရောပတပ်ရင်းများ ထပ်မံရောက်ရှိလာမည့် အကြောင်းကို ဘကြီးတော် မသိသေး။ ထိုသည်သာမက မြန်မာ့စစ်မြေပြင်တွင် တစ်ကြိမ်တစ်ခါမှ အသုံးမပြုဖူးသေးသော စစ်လက်နက်ဆန်းများလည်း ထိုတပ်များနှင့် ပါရှိလာသည့်အကြောင်းပေတည်း။
မိုင်ဆိုးနယ်ထွက် ဒုံးကျည်လက်နက်
ခေတ်ပေါ် ဒုံးကျည် စစ်လက်နက်ကို အနောက်တိုင်းတွင် စတင်တီထွင်ခဲ့ခြင်း မဟုတ်။ အိန္ဒိယပြည်တွင် ဖြစ်သည်။ ၁၇၉၉ ခုနှစ်က ဗြိတိသျှတို့ ဆာရင်ဂါပတမ်နယ် (Seringapatam) ကို ဝင်ရောက်သိမ်းယူစဉ်က ဖြစ်ပေသည်။ ကာနယ်အာသာဝဲလက်စလီ (Arthur Wellesley - နောင်တွင် ဝယ်လင်တန်မြို့စား ဖြစ်လာသူ)နှင့် သူ၏ လူများသည် မြို့အနီး တောင်ကုန်းငယ်တစ်ခုသို့ ချီတက်လာစဥ် အားကောင်းသော ဒုံးကျည်လက်နက်ဖြင့် တရစပ် ပစ်ခံရကာ ဒရောသောပါး ထွက်ပြေးခဲ့ရသည်။ ဆာရင်ဂါပတမ်၏ ခံတပ်ကို သိမ်းပိုက်နိုင်သည့်အခါ သိမ်းပိုက်နိုင်သော ပစ္စည်းများကို အင်္ဂလန်ပြည်သို့ ဆက်သရာ ထိုအထဲတွင် မိုင်းဆိုးနယ်လုပ် ဒုံးကျည်လက်နက် နမူနာနှစ်ခု ပါဝင်ခဲ့သည်။
ဥရောပသားများမှာ ဒုံးကျည်လက်နက်နှင့် ရင်းနှီးနေခဲ့သော်လည်း ဤဒုံးကျည်မှာ မြင်တွေ့နေကျနှင့် မတူ။ နည်းပညာပိုင်း အဆင့်မြင့်သည်။ သစ်သားကျည်တောက်များ အစား သံသတ္တုကို သုံးထားသည်။ ထို့ကြောင့် ပို၍ဝေးဝေး ပစ်နိုင်ပြီး လမ်းကြောင်း ပိုမှန်သည်။ ပေါက်ကွဲမှုအား ပိုပြင်းသည်။ အရေးကြီးဆုံးမှာ နောက်ပြန်ကန်အား မရှိသည့် အတွက် သင်္ဘောပေါ်မှလည်း ပစ်ခတ်နိုင်သည်။ ဆူလတန်တီပူ၏ ခမည်းတော် ဟိုင်ဒါအလီဘုရင် (Hyder Ali) တွင် ဒုံးကျည်ပစ်တပ်သား ငါးထောင်ကျော် ရှိခဲ့သည်။ တစ်ခါတရံ လှည်းတစ်စင်းတည်းတွင် ဒုံးကျည်သုံးလေးလုံး တင်ကာ လှည်းကို ပစ်စင်သဘောမျိုး အသုံးပြုသည်။ ထိုသို့ အစုလိုက်အပြုံလိုက် ပစ်လွှတ်လိုက်လျှင် ထွက်ပေါ်လာသော မီးတောက်ကြီးနှင့် အသံကျယ်ကြီးက ရန်သူတပ်သားများနှင့် တိရစ္ဆာန်များကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေသည်။
ဗြိတိသျှတို့က ထိုလက်နက်ကို အလွန် သဘောကျသည်။ တော်ဝင်ဝူးဝစ်ချ်လက်နက်တိုက် (Royal Woolwich Arsenal) တွင် သုတေသနများ ပြုလုပ်ကာ ပိုမို အဆင့်မြင့်အောင် ကြိုးပမ်းကြတော့သည်။ အိန္ဒိယ တောင်ပိုင်းဒေသမှ လက်နက်ပုံစံကို မှီငြိမ်းကာ ပို၍ အဆင့်မြင့်သော လက်နက်သစ်ကို ပုံစံဆွဲခဲ့သူအား ဂုဏ်ပြုသောအနေဖြင့် ကွန်ဂရိဖ်ဒုံးကျည် (Congreve rockets) ဟု ခေါ်တွင်ခဲ့သည်။ ၁၈၀၇ ခုနှစ်တွင် ဒိန်းမတ်ရေတပ်ကို အင်အားသုံး ဝင်ရောက်တိုက်ခိုက်ရာ ဗြိတိသျှတို့က ကိုပင်ဟေဂင်မြို့ (Copenhagen) ကို ဒုံးကျည်ပေါင်း ၄ သောင်းခန့် ပစ်ခွင်းခဲ့သည်။ အကာအကွယ်မဲ့သော ကိုပေဟေဂင်မြို့တွင် အကြီးအကျယ် မီးလောင်ပြီး တစ်မြို့လုံး ကြောက်လန့်တုန်လှုပ်ခဲ့ရသည်။ ၁၈၁၂ ခုနှစ်တွင်လည်း ဝါရှင်တန်မြို့ကို ဗြိတိသျှတို့ ဝင်ရောက်တိုက်ခိုက်ရာတွင် အိမ်ဖြူတော်ကို ပြာကျစေခဲ့သော လက်နက်ကြီး ဖြစ်ပေသည်။
၁၈၂၄ ခုနှစ် နိုဝင်ဘာလတွင် မဟာဗန္ဓုလက ပင်မတပ်မဟာကြီးကို ခေါင်းဆောင်ကာ တောင်ဘက်သို့ ချီတက်နေချိန်တွင် အင်္ဂလိပ်တို့ကမူ ရန်ကုန်ဆိပ်ကမ်း၌ ကွန်ဂရိဖ် ဒုံးကျည် ပထမအသုတ်ကို သင်္ဘောပေါ်မှ ချနေခဲ့ကြပြီ ဖြစ်သည်။
~သန့်မြင့်ဦး၏ ‘The River of Lost Footsteps’ စာအုပ်မှ ကောက်နှုတ်ပါသည်။
ပုံမှာ အရှေ့အိန္ဒိယကုမ္ပဏီ တပ်များ၏ ခေါင်းဆောင် ဆာအာချီဘောကင်းဘဲ၏ ပုံတူပန်းချီနှင့် ၁၈၂၄ ခုနစ် မေလက ကုမ္ပဏီတပ်များ ရန်ကုန်မြို့ကို ကြည်းကြောင်း၊ ရေကြောင်းဖြင့် တိုက်ခိုက်နေပုံ ဖြစ်သည်။