အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၇ ခုနှစ်က ဦးနုနှင့် ဂန္ဒီကို ဒေလီမြို့တွင် တွေ့ရစဉ်
event_note ခေတ်ကာလများပြပုံ

၄ ဒီဇင်ဘာ ၁၉၄၇

၁၉၄၇ ခုနှစ်က ဦးနုနှင့် ဂန္ဒီကို ဒေလီမြို့တွင် တွေ့ရစဉ်

room India

people ဦးနု Mahatma Gandhi

Read in English

အိန္ဒိယပြည်နှင့် မြန်မာပြည်တို့သည် ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်လျှင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းချင်း တူညီသည်။ မဟတ္တမ ဂန္ဒီ (Mahatma Gandhi) သည် ရန်ကုန်မြို့သို့ ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင် လာရောက်ခဲ့ဖူးသည်။ ဂန္ဒီသည် မြန်မာ့နိုင်ငံရေးလောက အပေါ်  ကြီးမားသော သက်ရောက်မှု ရှိခဲ့သလို မြန်မာနိုင်ငံမှလည်း ဂန္ဒီ အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ထိုခရီးစဉ်များသည် သူ၏ စဉ်းစားတွေးခေါ်မှု၊ ကိုလိုနီနယ်ချဲ့ အရေးကိစ္စများ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည့် အကြောင်းအရာများ အပေါ် ရှုမြင်မှုများကို  ပြောင်းလဲစေခဲ့ကြောင်း ရေးသားခဲ့သည်။ လန်ဒန်မြို့ (London) တွင် ဂန္ဒီ ကျောင်းတက်နေစဉ်ကပင် ငွေကြေးထောက်ပံ့ပေးခဲ့သည့် မိတ်ဆွေရင်းချာ ဒေါက်တာ မာတာ (Dr.Mehta) သည် မဂိုလမ်းနှင့် နောင်တွင် ရွှေတိဂုံဘုရားလမ်းတွင် နေထိုင်ခဲ့သည်။ 

အိန္ဒိယပြည်သည် မြန်မာပြည်၏ လွတ်လပ်ရေး လှုပ်ရှားမှုများကို များစွာ လွှမ်းမိုးမှု ရှိခဲ့သည်။ "သပိတ်မှောက်ခြင်း"နှင့် "အထွေထွေသပိတ်" တို့သည် အိန္ဒိယနိုင်ငံက တင်သွင်းလာသော လှုပ်ရှားမှုများ ဖြစ်သည်။ ၁၉၂၂ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်က အိန္ဒိယပြည်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပွားပြီး မကြာမီပင် မြန်မာနိုင်ငံတွင် အလားတူ ဖွဲ့စည်းပုံ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) ၏ လေဘာအစိုးရက မြန်မာပြည်မှ စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်း၏ အကြောင်းရင်းမှာ မကြာမီ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရသွားပါက မြန်မာပြည်သည် မဟာဗျူဟာ အရ အရေးမပါတော့သောကြောင့် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ဗြိတိသျှတို့၏ တွက်ချက်ဆုံးဖြတ်မှုများသည် တစ်မျိုးတစ်ဖုံ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်ကပင် အိန္ဒိယခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့ အလည်အပတ် လာခဲ့ကြသည်။ ရာဘင်ဒြာနတ် တဂိုး (Rabindranath Tagore)၊ ပန်ဒစ် နေရူး (Pundit Nehru)၊ ဆာဒါးပတယ်လ် (Sardar Patel)၊ ဆူဘတ် ချန်ဒရာဘို့စ် (Subhas Chandra Bose)၊ ဒေါက်တာ အမ်ဘေဒကာ (Dr. Ambedkar) နှင့် အခြားသော ပုဂ္ဂိုလ်များစွာ လာရောကက်ခဲ့ကြသည်။ အိန္ဒိယပြည်၏ နောက်ဆုံးဧကရာဇ် ဗဟာဒူး ရှားဇဖာ (Bahadur Shah Zafar) ကို ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ယင်းရုပ်အလောင်းကို ရွှေတိဂုံစေတီတော် အနီးတစ်နေရာတွင် မြှုပ်နှံထားသည်။

ဤသည်မှာ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဒေလီမြို့ (Delhi) ရှိ ဘီလာအိမ်တော် (Birla House) တွင် မဟတ္တမ ဂန္ဒီ လုပ်ကြံမခံရမီ နှစ်လခန့်က ရိုက်ကူးထားသော ဓါတ်ပုံ ဖြစ်သည်။ ဦးနုနှင့် မဟတ္တမဂန္ဒီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး ဂန္ဒီက များမကြာမီ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု (ထိုစဉ်က သခင်နု) မှ လက်ဆောင်ပေးသည့် ဦးထုပ်ကို ဝတ်ဆင်ထားသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်