၁၂ ဖေဖော်ဝါရီ ၁၉၄၇
၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့
people General Aung San U Tin Tut Arthur Bottomley Sir Eric Mastig
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။
ပင်လုံစာချုပ်သည် ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာပြည် လွတ်လပ်ရေးယူရန် အသွင်ကူးပြောင်းရေး အစီအစဉ်များ အတွက် သဘောတူစာချုပ်တစ်ခု ဖြစ်သည်။ စာချုပ်တွင် စာပိုဒ် ၉ ပိုဒ် ပါရှိသည့် အနက်မှ ၄ ပိုဒ်မှာ ရာထူးသစ် ဖြစ်သော "ဘုရင်ခံ၏ တောင်တန်းဒေသ အရေးကိစ္စဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်" ဖြစ်မည့် တောင်တန်းသားများ၏ ကိုယ်စားလှယ်ရာထူးနှင့် အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယာယီ အမှုဆောင်ကောင်စီ အကြား ဆက်ဆံရေး အကြောင်း ဖြစ်သည်။ စာချုပ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် သုံးရပ်လည်း ပါရှိသည်။ ၎င်းတို့မှာ ကချင်ပြည်နယ် ဖွဲ့စည်းရန်၊ တောင်တန်းဒေသများကို "သဘောတရားအားဖြင့်" "ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန်"နှင့် (ထိုစဥ်က အများအားဖြင့် မျိုးရိုးစဥ်ဆက် အမွေဆက်ခံသည့် ခေါင်းဆောင်များ အုပ်ချုပ်နေသော) တောင်တန်းဒေသများရှိ ပြည်သူလူထု အတွက် ဒီမိုကရေစီ ရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များ ရရှိရန် ဖြစ်သည်။ ဤသို့ဖြင့် ဗြိတိသျှတို့ မြန်မာပြည်မှ ထွက်ခွာရန် ကနဦး အသုံးပြုခဲ့သည့် ယန္တရားတစ်ခုသည် ယနေ့တိုင် သွေးထွက်သံယိုများစွာနှင့် ကြမ်းတမ်းစွာ အငြင်းပွားနေရဆဲ ဖြစ်သည့် အတွေးအခေါ်များကို မွေးထုတ်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည် လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့ (London) သို့ ရောက်ရှိလာခဲ့သည်။ အိုင်စီအက်စ် ဦးတင်ထွဋ်က များစွာ အကူအညီ ဖြစ်ခဲ့သည်။ ဗြိတိသျှဘက်မှ လေဘာပါတီ ခေါင်းဆောင် ဆာစတက်ဖို့ကရစ်ပ်စ် (Sir Stafford Cripps) နှင့် မြန်မာပြည်ဆိုင်ရာ အတွင်းဝန် လော့လစ်စ်တိုဝယ် (Lord Listowel) တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ်မှာ မြန်မာပြည်ကို လွတ်လပ်ရေး ပေးရန်၊ မပေးရန် မဟုတ်ပါ။ (လေဘာပါတီ အစိုးရက လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။) ကူးပြောင်းရေး ဖြစ်စဉ် မည်သို့ မည်ပုံ ဖြစ်မည်ကိုသာ အဓိက ဆွေးနွေးခဲ့ကြသည်။ မြန်မာပြည်သည် ဗြိတိသျှ ဓနသဟာယ နိုင်ငံတစ်ခု အဖြစ် ရပ်တည်မည်လား၊ ထို့အပြင် တောင်တန်းဒေသနှင့် "လူနည်းစုလူမျိုးများ"၏ အနာဂတ်စသည့် ကိစ္စများကို ဆွေးနွေးခဲ့သည်။ (တောင်တန်းဒေသထဲတွင် အဓိကအားဖြင့် ချင်း၊ ကချင်၊ ကရင် တောင်တန်းဒေသများ၊ ရှမ်းနှင့် ကရင်နီ ပြည်နယ် နယ်မြေများ ပါဝင်သည်။)
အိန္ဒိယပြည် အပိုင်းပိုင်း ကွဲသွားနိုင်ခြေ (ပါကစ္စတန်နိုင်ငံ (Pakistan) တည်ထောင်ရန်) မြင့်တက်လာနေသည်ကို သတိပြုမိသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ဖဆပလခေါင်းဆောင်များက မြန်မာပြည်သည်လည်း ထိုကဲ့သို့ အပိုင်းပိုင်း ကွဲသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ ဗြိတိသျှတို့ဘက်မှ စိုးရိမ်နေသည်မှာ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်ပါက တရုတ်နိုင်ငံ၏ ပြည်တွင်းစစ်နှင့် အင်ဒိုချိုင်းနားစစ်ပွဲတို့မှ စစ်မီးများ ကူးစက်လာပြီး ကွန်မြူနစ်များ လျင်မြန်စွာ သိမ်းပိုက်သွားမည်ကို ဖြစ်သည်။
စစ်အေးကာလ အစပျိုးလာပြီး ထိုစဥ်က ပိုမိုအရေးကြီးနေသည့် အရေးအရာများ (ဂရိ (Greece)၊ ပါလက်စတိုင်း (Palestine)၊ အိန္ဒိယ (India) အရေး) နှင့် ပြည်တွင်းအရေးများတွင် အာရုံစူးစိုက်နေရသော ဗြိတိသျှအစိုးရက တောင်တန်းဒေသများသည် လွတ်လပ်သော မြန်မာနိုင်ငံတွင် အခိုင်အမာ ပေါင်းစည်းထားဖို့ လိုကြောင်း ထောက်ပြခဲ့သည်။ ထိုအချက်မှာ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ကိုလိုနီအစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်နေသည် သာမက စစ်ကြီး အတွင်း ကချင်နှင့် ကရင်တော်လှန်ရေး တပ်သားများကို ပေးခဲ့သော ကတိကဝတ်များနှင့် တခြားစီ ဖြစ်နေခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ်တွင် လွတ်လပ်သော မြန်မာနိုင်ငံထဲတွင် တောင်တန်းဒေသများ သေချာပေါက် ပါဝင်ရမည်၊ သို့သော် တောင်တန်းဒေသများရှိ ပြည်သူလူထု၏ ဆန္ဒအရသာ ဖြစ်ရမည်ဟု ဖော်ပြပါရှိထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ်တွင် မြန်မာပြည်မရော တောင်တန်းဒေသများပါ ပေါင်းစည်းပါဝင်နိုင်ရန် စုံစမ်းရေးကော်မတီ တစ်ခု ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
ထိုစဥ် ၁၉၄၆ ခုနှစ် မတ်လက မြန်မာပြည်တွင်မူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ဦးစီးကာ မြန်မာ၊ ရှမ်းနှင့် အခြား လူမျိုးစု ခေါင်းဆောင်များနှင့် “ပထမ” ပင်လုံညီလာခံကို ကျင်းပခဲ့သည်။ ယခု “ဒုတိယ” ပင်လုံညီလာခံကို ရှမ်းစော်ဘွားများက ဦးဆောင်ကျင်းပ၍ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။။ ဖိတ်ကြားခဲ့သော ဧည့်သည်တော်များမှာ ဘုရင်ခံ၊ (ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်) မြန်မာ့ထိပ်သီး နိုင်ငံရေးခေါင်းဆောင် ၃၀ ကျော်၊ ကရင်နီ ခေါင်းဆောင်များ၊ ကချင်နှင့် ချင်းမှ ကိုယ်စားလှယ်များ သာမက အမေရိကန်၊ တရုတ်၊ အိန္ဒိယအစိုးရတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။ ဗြိတိသျှတို့ဘက်မှ ယခုထက် ပိုမို လိုက်လျောလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကရင်ခေါင်းဆောင်များကမူ ပင်လုံညီလာခံသို့ မတက်ရောက်ခဲ့ကြချေ။ ယင်းတို့ မတက်ရောက်ခဲ့ခြင်းသည် ဤညီလာခံ၏ အကြီးမားဆုံးသော အားနည်းချက် ဖြစ်ခဲ့သည်။
ဗြိတိသျှတို့အတွက်မှု တောင်တန်းဒေသများ၏ အနာဂတ်သည် နောက်ဆုံးအနေနှင့် စီမံရမည့် အရေးကိစ္ စတစ်ခု ဖြစ်ပြီး မြန်မာပြည်မှ ထွက်ခွာရန် လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ် မဖြစ်စေလိုခဲ့။ ညီလာခံသို့ တက်ရောက်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ်များမှာ လေဘာပါတီ နိုင်ငံရေးသမား ဆာအာသာဘောတမ်လေ (Sir Arthur Bottomley) နှင့် ကာကီရောင် ဘောင်းဘီတို၊ ပန်းနုရောင်ခြေအိတ်ကို တွဲကာ အမြဲဝတ်သဖြင့် ဘုရင်ခံကို စိတ်အနှောင့်အယှက် ဖြစ်စေသော၊ နောင်အခါ ဖင်လန်နိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ် ဖြစ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူ လက်ဒ်ဝှဒ်ဂျ် (W. B. J Ledwidge) ဖြစ်သည်။
မြန်မာပြည်၌ ဘဏ္ဍာရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးတွင် ကျွမ်းကျင်သူမှာ ဦးတင်ထွဋ် တစ်ဦးတည်းသာ ရှိခဲ့ပြီး သူသည် ညီလာခံတွင် အားသွန်ခွန်စိုက် ပါဝင်ဆွေးနွေးခဲ့သည်။ (ဦးတင်ထွဋ်သည် လက်ဒ်ဝှဒ်ဂျ်နှင့် အင်္ဂလန်နိုင်ငံတွင် ကျောင်းတက်စဉ်က ရက်ဂ်ဘီ (Rugby) အတူ ကစားခဲ့ဖူးသဖြင့် ခင်မင်နေခဲ့ကြသည်။) ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သဘောထား ပွင့်လင်းစွာ လူမျိုးစု ခေါင်းဆောင်များ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံရေး အရိပ်အရောင်များက ကြီးမားနေသလို အပိုင်းပိုင်းကွဲရန် နီးစပ်လာနေသည့် ကံကြမ္မာကို ရှောင်လွဲ၍ မရ ဖြစ်ခဲ့သည်။
ဓါတ်ပုံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် (ထိုစဉ်က လေဘာပါတီ နိုင်ငံရေးသမားနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များဆိုင်ရာ ဒုတိယအတွင်းအရေးမှူး အဖြစ် လွှတ်တော်တွင် တာဝန်ယူနေသူ) အာသာ ဘော်တွန်မ်လီ နှင့် စကားပြောနေသည်ကို တွေ့နိုင်သည်။ ဗိုလ်ချုပ်က ဘော်တွန်မ်လီကို အိန္ဒိယနိုင်ငံ နှစ်ခြမ်းကွဲခြင်း၏ ကြီးမားသော အကျိုးဆက်သည် မြန်မာပြည်နှင့် ပင်လုံစာချုပ် အပေါ် မည်သို့သက်ရောက်နေပုံအား သေချာစွာ ပြောပြခဲ့သည်။ ဘော်တွန်မ်လီ၏ နောက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ လက်ဒ်ဝှဒ်ဂျ် ရှိသည်။
လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်