အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကင်းဝန်မင်းကြီး
ကင်းဝန်မင်းကြီး အိမ်တော်
ကင်းဝန်မင်းကြီး အိမ်တော်

event_note ခေတ်ကာလများပြပုံ

၃ ဖေဖော်ဝါရီ ၁၈၂၂ - ၃၀ ဇွန် ၁၉၀၈

ကင်းဝန်မင်းကြီး

people Kinwun Mingyi King Mindon Lord Curzon

Read in English

ကင်းဝန်မင်းကြီး ဦးကောင်း (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် - ၁၉၀၈ ခုနှစ် ဇွန်လ ၃၀ ရက်)သည် ၁၈၇၀ ပြည့်နှစ်လွန်နှင့် ၁၈၈၀ အစောပိုင်းကာလ၌ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပညာရှိ သုခမိန်တစ်ဦး သာမက သံတမန်တစ်ဦးလည်း ဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို ပြုစုရေးသားခဲ့သည်။ ထိုခေတ်ကာလ ရွယ်တူမျိုးဆက်များကဲ့သို့ပင် ကင်းဝန်မင်းကြီး၏ မျှော်မှန်းချက်မှာ စနစ်ဟောင်းနှင့် စနစ်သစ်တို့ထံမှ အကောင်းဆုံးများကို ယူကာ ရောနှောပေါင်းစပ်ထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်သော မြန်မာနိုင်ငံ ဖြစ်ပေသည်။ နောက်ဆုံးပေါ် နည်းပညာနှင့် အတွေးအခေါ်များကို ပြည်တွင်းသို့ တင်သွင်းရန်နှင့် တစ်ချိန်တည်းမှာပင် ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ခဲ့သော ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန် လိုလားခဲ့သည်။ 

၁၈၇၁ ခုနှစ်တွင် ဘုရင်မှ ဥရောပသို့ ပထမဦးဆုံးစေလွှတ်သည့် သံတမန်အဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်ခဲ့သည်။ ထိုသံအဖွဲ့သည် ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့တွင် ရက်သတ္တပတ် အတော်ကြာ ကုန်ဆုံးခဲ့ပြီးနောက် ကမ္ဘာ့ဇာတ်ခုံတွင် မြန်မာနိုင်ငံ၏ အခြေအနေ၊ စက်မှုလုပ်ငန်းများ ထွန်းကားခြင်းကြောင့် အင်အားကြီးထွားလာစ ပြုနေသော အနောက်တိုင်းနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ၏ အားနည်းချက်၊ နိုင်ငံ တိုးတက်ခေတ်မီရေး အတွက် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေမှုတို့ကို ကောင်းစွာ နားလည်သဘောပေါက်၍ နေရပ်သို့ ပြန်လာခဲ့ကြသည်။

၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောအခါ ကင်းဝန်မင်းကြီးနှင့် အပေါင်းအပါများသည် အုပ်ချုပ်မှုစနစ် အလုံးစုံ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံ့စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရပ်အတွက်သာ ရည်ရွယ်ချက်ထားကာ ပြုပြင်ပြောင်းလဲလုပ်ငန်းရေး လုပ်ငန်းများ ဆက်တိုက်အကောင်အထည်ဖော်ရန် တွန်းအားပေးနိုင်ခဲ့သည်။ ဥရောပဒေသ၌ ပညာသင်ကြားခဲ့သူ အချို့ ပါဝင်ခဲ့သည့် ၁၈၇၈ ခုနှစ် မြန်မာအစိုးရသည် မြန်မာ့သမိုင်းတွင် ပညာအတတ်ဆုံးသော အစိုးရအဖွဲ့များထဲမှ တစ်ဖွဲ့ ဖြစ်ခဲ့သည်။ သို့သော် ၁၈၈၀ ပြည့်နှစ်တွင် ရှေးရိုးစွဲများ၏ ခေါင်းမာမှု၊ ဆုတ်ယုတ်လာသော နိုင်ငံတွင်း စီးပွားရေး အခြေအနေ၊ ကချင်တောင်တန်းနှင့် ချင်းနယ်စပ်ဒေသများတွင် မငြိမ်မသက်ဖြစ်မှု၊ ဗြိတိသျှတို့၏ သွေးထိုးလှုံ့ဆော်မှု၊ အစိုးရအဖွဲ့ အတွင်း ဂိုဏ်းဂဏကွဲမှု စသည်တို့ အားလုံးကြောင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် တဖြည်းဖြည်းအားနည်းသွားပြီး နောက်ဆုံးတွင် ပျက်စီးရလေသည်။

လူအများက “ဦးကောင်းလိမ်ထုတ် သီပေါပြုတ်”ဟူ၍ ဘုရင် နန်းကျခြင်းအတွက် ကင်းဝန်မင်းကြီးအား အပြစ်ပုံချကြသည်။ သို့သော် ကင်းဝန်မင်းကြီး တစ်ဦးတည်းသာလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်မည့် လက်တွေ့ကျသောနည်းလမ်းကို ရှာဖွေရန် အားသွန်ခွန်စိုက်ကြိုးစားခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့တို့ မုချဝင်ရောက်တော့မည်ကို ကင်းဝန်မင်းကြီး သိရှိသည့်အခါ မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယပြည်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိသော်လည်း မြန်မာမင်းသားသစ် တစ်ဦး ခန့်အပ်အုပ်ချုပ်သည့် အထိန်းသိမ်းခံ နိုင်ငံ အဖြစ် ရပ်တည်နိုင်ရန် ညှိနှိုင်းတောင်းဆိုခဲ့ပါသေးသည်။

နိုဝင်ဘာလတွင် ဗြိတိသျှတို့၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက် မန္တလေးမြို့ရိုးအတွင်းမှ အဆောက်အဦဟောင်း အားလုံးနီးပါးပင် အဖျက်ဆီးခံခဲ့ရသည်။ လော့ဒ်ကာဇွန်၏ ကြားဝင်ဟန့်တားမှုကြောင့် နန်းတော် တည်ရှိရာ ဝန်းနှင့် ကင်းဝန်မင်းကြီး၏ နေအိမ်သာ အဖျက်ဆီးမခံရဘဲ ကျန်ရစ်ခဲ့သည်။ သူ့ကမ္ဘာကြီး တစ်စမကျန် ပျက်ယွင်းသွားသည်ကို ရင်နာစွာဖြင့် မျက်မြင် ကြုံတွေ့သွားရသည်အထိ အသက်ရှည်ခဲ့ရှာသူ  ကင်းဝန်မင်းကြီးသည် ၁၉၀၈ ခုနှစ် မကွယ်လွန်မီ အချိန်ထိ ထိုအိမ်တော်၌ နေထိုင်ခဲ့လေသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်