အမေ့ခံအတိတ်
အမေ့ခံအတိတ်
သက်တမ်းအရှည်ကြာဆုံး လက်ရှိဖြစ်နေဆဲ ပြည်တွင်းစစ်

event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၄၈

သက်တမ်းအရှည်ကြာဆုံး လက်ရှိဖြစ်နေဆဲ ပြည်တွင်းစစ်

people ဦးနု General Aung San General Ne Win

Read in English

မြန်မာ့ပြည်တွင်းစစ်မှာ ကမ္ဘာပေါ်၌ အရှည်ကြာဆုံးသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ယခုထက်တိုင် မရိုးနိုင်အောင် ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် ဖြစ်ပွားလျက် ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်၌ ဒုတိယကမ္ဘာစစ်ကြီး ဆုံးခန်းတိုင်ခြင်း မရှိခဲ့။ ဂျပန်ဗုံးကျဲလေယာဉ်များ ရန်ကုန်မြို့ ကောင်းကင်ယံထက်မှ ပျံဝဲကာ ပစ်ချလိုက်သည့် အခိုက်အတန့်မှ စ၍ ယနေ့တိုင် မြန်မာပြည်သည် ငြိမ်းချမ်းရေး မသိရှိခဲ့ရ။ ၁၉၄၅ ခုနှစ် သြဂုတ်လမှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ လွတ်လပ်ရေးရသည့် ကာလတိုလေးတွင်သာ ပစ်ခတ်တိုက်ခိုက်မှုများ မရှိခဲ့ချေ။ ယင်းနောက်ပိုင်းမှစ၍ ယနေ့ခေတ်ကဲ့သို့ပင် ဝေးလံခေါင်ဖျားဒေသများ၌ တိုက်ပွဲများ ဟိုတစ်နေရာ သည်တစ်နေရာနှင့် စစ်မီးတောက်လောင်နေခဲ့သည်။ မြန်မာ့နိုင်ငံရေးမှာ သေနတ်နှင့် ကင်းကွာသည် ဟူ၍ မရှိခဲ့ပေ။ ထိုမျှသာမက ၁၉၄၁ ခုနှစ်ကတည်းက မည်သည့်အစိုးရမှ မြန်မာတစ်ပြည်လုံးကို အုပ်ချုပ်နိုင်ခဲ့သည် မရှိ။ မြန်မာတစ်ပြည်လုံး အနှံ့ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့။ မည်သည့်အစိုးရမှ သန်းခေါင်စာရင်း စနစ်တကျ ကောက်ခံရန် မတတ်နိုင်ခဲ့။ လက်ရှိတွင်လည်း သူပုန်တို့၏ ထိန်းချုပ်မှုမှ ကင်းလွတ်သည့် နယ်စပ်ဒေသ အနည်းအကျဉ်းသာ ရှိသည်။ စစ်ပွဲ တစ်ခုပြီး တစ်ခု ထပ်တိုးလာသည်လည်း မဟုတ်ချေ။ တစ်ခါလာလည်း သည်စစ်ပွဲ၊ တစ်ခါလာလည်း သည်ကြွေးကြော်သံ၊ သည်ရိုင်ဖယ်အိုကြီးနှင့်ပင် ယိုင်နဲ့နဲ့ တိုက်ပွဲဆက်နေခြင်း ဖြစ်သည်။ ဇာတ်ကောင်ဇာတ်ကွက် အနည်းငယ် ပြောင်းပြီး ရိုက်ချက် အနည်းငယ် ဆန်းသစ်လိုက်ခြင်းက လွဲ၍ ထူးမခြားနား။ ၁၉၄၀ ပြည့်နှစ်များအတွင်း ဗြိတိသျှထောင်အတွင်း မဟတ္တမဂန္ဒီ အကျဉ်းကျ ဒုက္ခခံနေရချိန်၊ ဂျိုးလူးဝစ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာချိန်ထဲက လက်နက်ကိုင်ခဲ့သော အုပ်စုများထဲမှ အချို့က ယနေ့ထိထိုင် တိုက်တုန်းခိုက်တုန်း။  သိန်းသန်းချီ၍ ဆုံးရှုံးခဲ့ရသော လူ့အသက်ပေါင်းများစွာ၊ သန်းချီ၍ အိမ်ယာစွန့်ခွာခဲ့ရသော စစ်ပြေးရှောင်များ၊ ပြုတ်ပြုတ်ပြုန်းနေသော တိုင်းပြည်စီးပွားရေး၊ အတွင်းရန်သူများကို တိုက်ခိုက်ရန် ပုံသွင်းဖန်တီးထားသော ဒေါင်ဒေါင်မြည် စစ်ယန္တရားကြီး စသည်တို့မှာ လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်း၏ အဓိကအကြောင်းအရာများ ဖြစ်ကြသည်။

ဝန်ပေါ့သည့် ထရင်နီဒက်ဘုရင်ခံရာထူးကို ယူလိုက်သည့် ဘုရင်ခံရန့်စ်ထံမှ အစိုးရ အခွင့်အာဏာကို ဦးနုက လွှဲပြောင်းယူလိုက်ချိန်၌ တိုင်းပြည်တွင် မပြောပလောက်သည့်တိုင် စိတ်အားမာန်တက်ကြွနေသော သောင်းကျန်းသူ အင်အားစုနှစ်ခု ရှိနေခဲ့သည်။ ပထမအုပ်စုမှာ အလံနီကွန်မြူနစ်များ ခေါ်  စတာလင်ဝါဒီ အစွန်းရောက်များ၏ ပုန်ကန်မှု ဖြစ်သည်။ ယင်းတို့သည် ပါတီဥက္ကဌဖြစ်သူ ကျောင်းအုပ်ဆရာဟောင်း သခင်သွေးကြွ သခင်စိုးကို သစ္စာခံကြသည်။ ကျန်အုပ်စုမှာ ရခိုင်ပြည် မြောက်ပိုင်းမှ မူဂျာဟစ် လက်နက်ကိုင် သောင်းကျန်းသူများ ဖြစ်သည်။ ထိုအုပ်စုနှစ်စုထက် ပို၍ ပြဿနာပိုကြီးသည်မှာ ပြည်သူ့ရဲဘော်ဟု ခေါ်သည့် လက်နက်ကိုင်အုပ်စုကြီး ဖြစ်သည်။ တစ်ချိန်ကတော့ ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်း သစ္စာခံများ ဖြစ်ကာ တိုင်းပြည်လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သူများ ဖြစ်သည်။ ဦးအောင်ဆန်း လုပ်ကြံခံရပြီးနောက် ခေါင်းဆောင်မည့်သူ မရှိ၊ ရည်ရွယ်ချက် တိတိပပရယ်ဟု မရှိခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) စစ်မှုထမ်းဟောင်းများ ပါဝင်သည့် အုပ်စု ဖြစ်သည်။ လက်ဝဲယိမ်းသော နိုင်ငံရေး ယုံကြည်ချက်များနှင့် မည်သည့် တိုက်ပွဲလာလာ ကိုယ်ရောစိတ်ပါ နှစ်၍ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသူများ ဖြစ်ကြသည်။ တစ်တိုင်းပြည်လုံးတွင် လက်နက်များက အလျှံအပယ် ဖြစ်နေသလို တစ်ခါမှ အလုပ်အကိုင် အတည်အကျ မရှိခဲ့ဖူးသော လူငယ်များက ပေါချင်းသောချင်း ဖြစ်နေသည်။ ယင်းတို့ အနေနှင့် ဤကဲ့သို့ အချိန်ကောင်း ရောက်ပါမှ နိုင်ငံရေးကို စွန့်လွှတ်ရန် အကြောင်းမရှိ။ ဂျပန်ဧကရာဇ်၊ ဗြိတိသျှအင်ပါယာ၊ တရုတ်၊ အမေရိကန် အစရှိသည့် စစ်တပ်များ မြန်မာ့မြေပေါ်၌ တိုက်ခိုက်လေသမျှကို အနီးကပ်ကြည့်ရှုရင်း ကြီးပြင်းလာသော မျိုးဆက်တစ်ခုအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စဆိုသည်မှာ တိုက်ခိုက်ရေး မှတစ်ပါး အခြားမရှိ။ ထိုကာလတွင်မူ ထိုမျိုးဆက် အရွယ်ရောက်လာသည့် အချိန်လည်း ဖြစ်နေသည်။

နောက်ထပ် ထကြွလာမည်မှာ သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာ့ကွန်မြူနစ်ပါတီ ဖြစ်သည်။ အစိုးရရန်သူများထဲမှ အင်အားအတောင့်တင်းဆုံးအုပ်စု ဖြစ်ပြီး လူထုထောက်ခံမှုများကာ လက်နက်အင်အား ကောင်းသည်။ နိုင်ငံခြားမှ ကျောထောက်နောက်ခံ ရှိနိုင်သည်။ ကွန်မြူနစ်များက ယင်းတို့ အချင်းချင်းသော်လည်းကောင်း၊ ယင်းတို့ကို အရေးပေး နားထောင်သည့်သူ မှန်သမျှကိုသော်လည်းကောင်း ယခုကဲ့သို့ ဆိုသည်။ ဖဆပလ အစိုးရသည် ဗြိတိသျှနယ်ချဲ့တို့၏ လက်ခုပ်ထဲမှ ရေသာ ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရကို ဖြုတ်ချပြီး စစ်မှန်သော ပြည်သူ့အစိုးရတစ်ခုကို ဖွဲ့စည်းရန် လိုအပ်ကြောင်း စောဒက တက်သည်။ ထိုအဆိုပြုချက်ပါ စာတမ်းကို အသေအချာ ပြင်ဆင်ရေးသားခဲ့သူမှာ ပါတီခေါင်းဆောင် တစ်ယူသန်ကြီး ဂိုရှယ် (H.N. Goshal) ဆိုသူ ဖြစ်ကာ ဗြိတိသျှတို့ မထွက်ခွာမီ တစ်လအလိုတွင် ဗဟိုကော်မတီမှ ထိုစာတမ်းကို တရားဝင် အတည်ပြုလိုက်သည်။ ယင်းတို့က သပိတ်မှောက်ရန် လူထုစည်းရုံးရေး ဆင်းကြသည်။ အကြမ်းဖက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ကြသည်။ နောက်ဆုံးမိနစ် ညှိနှိုင်းရေးများက အရာမရောက်။ ပြည်သူ့ရဲဘော်များ၊ ကွန်မြူနစ် အင်အားစုအသီးသီးနှင့် အစိုးရတို့ ငြိမ်းချမ်းစွာ အဖြေရှာရန် အစက စဉ်းစားကြသေးသော်လည်း နောက်ဆုံး ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို အားလုံးက ငြင်းပယ်လိုက်ကြ၏။ ၀န်ကြီးချုပ် ဦးနု ကိုယ်တိုင် ရာထူးမှ နှုတ်ထွက်ပေးမည်ဟု အရေးဆိုလာသည်။

ထိုနေ့မှာပင် ရန်ကုန်မြို့လယ်ခေါင်တွင် ကျင်းပသော လူထုစုဝေးပွဲကြီးတစ်ခု၌ သခင်သန်းထွန်းက လက်ရှိဖဆပလအစိုးရ၏ အားနည်းချက်များကို ထောက်ပြသရော်ကာ လူထုတစ်ရပ်လုံး ပါဝင်သော ပြည်သူ့အရေးတော်ပုံကြီး စတင်ရန် တိုက်တွန်းသည်။ မကြာခင် အဖမ်းခံရတော့မည်ကို သိသဖြင့် သူနှင့် သူ့လက်ထောက်များ ညတွင်းချင်း ဌာနချုပ်ရှိရာ ပျဉ်းမနားမြို့တွင် တောခိုသွားကြသည်။ (ပျဉ်းမနားမြို့သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့ အကြား လမ်းခရီး တစ်ဝက်ခန့်တွင် ရှိသည်။) ပျဉ်းမနားမြို့သို့ရောက်လျှင် သခင်သန်းထွန်းက အင်အား နှစ်သောင်းခန့်ရှိသော နောက်လိုက်များကို စစ်ဆင်ရေးကြီး စတင်ကြောင်း အမိန့်ပေးသည်။ တစ်လမတိုင်မီ ဧရာ၀တီမြစ်ဝှမ်း အထက်၊ အောက်ရှိ တစ်မြို့ပြီး တစ်မြို့ ကွန်မြူနစ်များ လက်အောက်သို့ ကျရောက်သွားလေသည်။ ဧပြီလတွင် ကွန်မြူနစ်တပ်များက ရဲစခန်းများကို ဝင်စီးသည်။ မြို့လည်ခေါင်ရှိ အချက်အချာ နေရာများကို သိမ်းသည်။ ဆန်ဂိုဒေါင်များကို လုယက်သည်။ တယ်လီဖုန်းလိုင်းများနှင့် ကြေးနန်းလိုင်းများကို ဖြတ်တောက်ပစ်သည်။ အစိုးရဘက်မှ ပြန်လည်တိုက်ခိုက်ရာ ရက်သတ္တပတ် အနည်းငယ်အတွင်း အဆိုးဆုံး အခြေအနေမှ လွန်မြောက်နိုင်တော့မည်ဟုပင် ထင်ရသည်။ ထိုအချိန်တွင် ဦးနုက ပြန်လည်သင့်မြတ်ရေးအတွက် နောက်တစ်ကြိမ် ကမ်းလှမ်းသည့် အနေဖြင့် သူ၏ “လက်ဝဲညီညွတ်ရေး” အစီအစဉ်ကို ကြေငြာသည်။ အဆိုပြုချက်များမှာ တိုင်းပြည် စီးပွားရေးနှင့် ပြည်သူလူထုကို အစိုးရက ချုပ်ကိုင်ရန်၊ အဖွဲ့ပေါင်းစုံ ကိုယ်စားပြု ပါဝင်သည့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန်၊ ထိုအစိုးရသစ်သည် မာ့ခ်စ်ဝါဒကို ကျင့်သုံးမည်ဖြစ်ကာ ကွန်မြူနစ်များ သာမက ဆိုရှယ်လစ်များလည်း ပါဝင်စေရန် ဟူ၍ ဖြစ်သည်။ မြန်မာပြည်သည် သခင်သန်းထွန်းနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော ကရင်မလင်မှ ရုပ်သေးဆရာများ၏ လက်ထဲသို့ အကုန်အစင် ကျရောက်လုပြီ ဖြစ်ကြောင်း ဗြိတိသျှနှင့် အမေရိကန် စာနယ်ဇင်းများနှင့် ထောက်လှမ်းရေးများက ရေးသားကြသည်။

နွေရာသီ ကုန်လုသောကြောင့် ပိုပို၍ ပူနေသော ရာသီဥတုလဲ ကျလာမည့် မုတ်သုန်မိုးကို နေရာပေးရန် ဆုတ်ခွာလေပြီ။ တစ်ချိန်တည်းမှာပင် တပ်မတော်ထဲမှ အချို့က အစိုးရ လက်အောက်မှ စတင် ဖယ်ခွာလာကြသည်။ ထိုစဉ်က မြန်မာ့တပ်မတော်၏ အင်အားမှာ ရှေ့တန်းထွက်တပ်ရင်း ၁၀ ခုအဖြစ် ဖွဲ့စည်းထားသည့် တပ်သား တစ်သောင်းခွဲ ဝန်းကျင်ခန့်သာ ရှိသည်။ ထိုမှ တစ်ဝက်ခန့်မှာ နိုင်ငံရေး စိတ်ဓာတ် ပြင်းထန်သော ဗမာတိုင်းရင်းသားများ ဖြစ်သည်။  လက်ဝဲဝါဒီများ၊ သို့မဟုတ်ပါက အနည်းဆုံးတော့ လက်ရဲဇက်ရဲ ရှိသည့် တော်လှန်ရေးဝါဒီများ ဖြစ်ကြသည်။ ဇွန်လ ၁၆ ရက်နေ့တွင် ပဲခူးမြို့၌ အဆိုပါ ဗမာ့တပ်ရင်းများထဲမှ တစ်ခုဖြစ်သော အမှတ် ၆ ဗမာ့သေနတ်ကိုင်တပ်ရင်းက တောခိုသည်။ ချက်ချင်းပင် ယင်းတပ်ဖွဲ့၀င် အရာရှိများ၊ စစ်သားများက ကွန်မြူနစ်တို့နှင့် သွားရောက် ပူးပေါင်းလိုက်ကြသည်။ ပိုဆိုးသည်မှာ ဇူလိုင်လ၌ လက်နက်ကိုင်တပ်ဖွဲ့ အပေါင်းတို့၏ အချက်အချာ ဖြစ်သော ပြည်သူ့ရဲဘော်အဖွဲ့က စတင် ပုန်ကန်သည်။ သရက်မြို့မှ အမှတ် ၂ သေနတ်တပ်ရင်းနှင့် ရန်ကုန်မြို့တော်နှင့် ကပ်လျက် မင်္ဂလာဒုံ လေတပ်စခန်းမှ အမှတ် ၃ သေနတ်ကိုင်တပ်ရင်း တပ်ရင်းနှစ်ခုကလည်း တပ်တွင်းသူပုန်ထပြန်သည်။ ဦးစီးသူများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ထောက်ဟောင်းများ ဖြစ်ကြသည်။ ထိုတပ်ရင်းနှစ်ခု အင်အားပူးပေါင်းပြီး ရန်ကုန်သို့ ချီတက်ရန် ကြိုးစားခဲ့ကြသေးသည်။ သို့သော် ဩဂုတ်လ ၁၀ ရက်နေ့တွင် အင်္ဂလိပ်-ရှမ်းကပြား လူမျိုး ဒုတိယဗိုလ်မှူးကြီး တော်မီကလစ်ဖ် ဦးဆောင်သည့် မြန်မာ့လေတပ်က ချီတက်လာသော စစ်ယာဉ်တန်းကြီးကို ဟန့်တားလိုက်နိုင်ခဲ့သည်။ နောက်ထပ်အလှည့်ကျသူမှာ ပြည်ထောင်စု စစ်ရဲတပ်ဖွဲ့ ဖြစ်သည်။ ယင်းတို့က မိမိတို့သည် မည်သည့်ဘက်ကိုမှ အားပေးထောက်ခံခြင်း မရှိ၊ သို့သော် အစိုးရကို ဆန့်ကျင်ရာတွင်တော့ အများနည်းတူ ရပ်တည်ကြောင်း ကြေညာသည်။ ယင်းတို့က အစိုးရ ဘဏ္ဍာတိုက်ထဲမှ ငွေအများအပြားနှင့် လက်နက်၊ ခဲယမ်းမီးကျောက်များ ထုတ်ယူသွားသည်။ ထိုအခိုက်အတန့်တွင် တိုင်းပြည်၏ ထက်ဝက်ခန့်မှာ သူပုန်တစ်အုပ်စု မဟုတ် တစ်အုပ်စု လက်အောက်သို့ ကျရောက်နေခဲ့လေပြီ။ ရထားနှင့် သင်္ဘောများလည်း ပြေးဆွဲခြင်း မရှိတော့။ အရေးပေါ် အခြေအနေ ကြေညာထားရသည်များလည်း ရှိသည်။ ကောလာဟလများက မှိုလို ပေါက်နေသည်။ အိန္ဒိယတပ်များ ရောက်နေပြီဟု ဆိုသူကဆို၊ အမှတ် ၁၄ ဗြိတိသျှတပ်မတော် ပြန်လာတော့မည်ဟု ပြောသူကပြော။ တကယ်တမ်း ဖြစ်လာသည်မှာလည်း ထိုကောလဟာလများ နီးနီး အထူးအဆန်းပင်။

ဤကာလအထိ အစိုးရသည် ဗြိတိသျှ ဗမာ့တပ်မတော်ထံမှ အမွေရလိုက်သော ကရင်နှင့် ကချင်ရိုင်ဖယ် တပ်ရင်း ၆ ခု၏ အင်အားကိုသာ အားကိုးနေရသည်။ ၎င်းတို့၏ အကူအညီဖြင့် စစ်ရေးအရ ဗျူဟာကျသော ဧရာ၀တီမြစ်ဝှမ်း အလယ်နားရှိ ပြည်မြို့နှင့် သရက်မြို့တို့ကိုလည်းကောင်း၊ နောင်တွင် နှစ် ၅၀ ကျော် သက်တမ်းရှည်ဦးမည့် သောင်းကျန်းသူများ နှိမ်နင်းရေး စီမံကိန်းများ စတင်ရာ ပျဉ်းမနားမြို့ကိုလည်းကောင်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ ထိုစဉ်က တပ်မတော် စစ်ဦးစီးချုပ်မှာ ကရင်တိုင်းရင်းသား ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း ဖြစ်သည်။ Mr. Smith Goes to Washington ရုပ်ရှင်ကားထဲမှ ဂျင်မီစတူးဝပ်၏ ဇာတ်ကောင်အမည်ကို အစွဲပြု မှည့်ခေါ်ထားသည်ဟု ဆိုသည်။ သူ၏ လက်ထောက် ဒုတိယ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်နေဝင်း ဖြစ်သည်။ တစ်ခဏတော့ အခြေအနေတွေ ပြန်ကောင်းလာမည့်ဟန် ရှိသည်။ ဒီဇင်ဘာလတွင် ကွန်မြူနစ် နှိမ်နင်းရေး အထူးစစ်ဆင်ရေး အချို့ကြောင့် ပျဥ်းမနား ဌာနချုပ်မှ ကွန်မြူနစ်များကို တိုက်ထုတ်နိုင်ခဲ့သည်။ တောင်ငူမြို့တွင် ကွန်မြူနစ် အင်အား ၃၀၀၀ ခန့် လက်နက်ချသည်။ ဤသည်မှာ သစ္စာရှိ ကရင်နှင့် ကချင် တိုက်ပွဲဝင် တပ်သားတို့၏ စွမ်းဆောင်ချက်ကြောင့်သာ ဖြစ်သည်။ ထိုအထဲတွင် ဂျပန်ဆန့်ကျင်ရေးတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သဖြင့် ဆုတံဆိပ်များစွာ ချီးမြှင့်ခံထားရသော သူရဲကောင်း၊ ရုပ်ဖြောင့် စတိုင်ကျသည့် ကပ္ပတိန်နော်ဆိုင်း၏ ကချင်တပ်ဖွဲ့များလည်း ပါဝင်သည်။

သဘာဝကျစွာပင် အချို့သော တိုက်ပွဲဝင် ကရင်တပ်သားများက မိမိတို့ အစိုးရဘက်မှ ဝင်ကူပေးနေခြင်းမှာ မှန်သည်လားဟု တစ်စတစ်စ ဒွိဟဖြစ်လာသည်။ လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ မိမိတို့ လိုအပ်ချက်များကို တောင်းဆိုရန် သင့်၊ မသင့် တွေးလာသည်။ အချို့က တိုင်းပြည်၏ အရှေ့ဘက်ခြမ်းတွင် ကရင်တစ်ပြည်ထောင် ထူလိုကြသည်။ ထိုရက်ပိုင်းတွင် အစိုးရအပေါ် မကျေမနပ်ဖြစ်နေသော ကရင်စစ်ရဲတပ်များက တတိယ အကြီးဆုံးမြို့ ဖြစ်သော မော်လမြိုင်မြို့ကို သိမ်းလိုက်သည်။ ကရင်တို့ဘက်မှ ပုန်ကန်မှုများ ထပ်မံ ပေါ်ထွက်လာဦးမည့် အလားအလာက ရှိနေသည်။ ရင်းဂလင်း ညီနောင်၊ ဘာနမ်နှင့် ဘေလီ ဆပ်ကပ်များ၏ (Ringling Bros. and Barnum & Bailey Circus) အဖွဲ့သားဟောင်း စောစံဖိုးသင် အပါအဝင် ကရင်ခေါင်းဆောင်များက ကြားဝင်၍ အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးစားခဲ့သည်။ နောက်ဆုံးမူ ကရင်စစ်ရဲတပ်များက မော်လမြိုင်ကို ပြန်ပေးခဲ့သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေးရာများကို လေ့လာစစ်ဆေးမည့် ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းသည်။ ထိုကော်မရှင်မှာ ဖြောင့်မတ်ပြီး မျှတသော ကိုယ်စားပြု အဖွဲ့တစ်ရပ် ဖြစ်သော်လည်း နှစ်ဘက်စလုံးတွင် နည်းနည်းမှပင် အလျှော့မပေးချင်သူက များနေသည်။ ကရင်တို့ကို မုန်းသော မြန်မာများ ရှိသလို သီးခြားပြည်ထောင် ထူရန် လက်တစ်ကမ်းသာ လိုတော့သည်ဟု မှတ်ယူထားသော ကရင်များလည်း ပါသည်။ “လာအိုနည်းတူ”ဟု ဆိုသူများလည်း ရှိသည်။ ကရင်တို့ကို မြှောက်ပင့်ပေးသည့် ဗြိတိသျှ အမှောင့်ပယောဂကလည်း ရှိနေသည်။ တရားမဝင် လက်နက်ခိုးသွင်းမှုဖြင့် စစ်ကြီးအတွင်းက ဗြိတိသျှအထူးတပ်ဖွဲ့ အမှတ် ၁၃၆ တပ်ဖွဲ့ဝင်ဟောင်း အနည်းဆုံး နှစ်ဦး ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ် ပေးခံရသည်။ ကရင်အမျိုးသား အစည်းအရုံးက ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော်(KNDO)ကို စတင်တည်ထောင်သည်။ ထိုအခါ အစိုးရကလည်း ရန်ကုန်ကို ကာကွယ်ရန် တပ်သားသစ် ထောင်သောင်းချီကာ အလျင်အမြန် အားဖြည့်ရသည်။ ကွန်မြူနစ်တို့ကလည်း အလုပ်သမားများ သုခဘုံ တည်ဆောက်ရန်ဟု ဆိုကာ မြန်မာပြည် အလယ်ပိုင်းမှ စေတီငယ်များရှိသည့် မြို့ကလေးများတွင် လူအများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ လတ်တလောတွင် ဗမာဘက်မှရော ကရင်ဘက်မှပါ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော တိုင်းရင်းသားများ တိုက်ပွဲဝင်ရန် တလှုပ်လှုပ် ဖြစ်နေကြတော့သည်။

၁၉၄၈ ခုနှစ် ခရစ္စမတ်အကြိုနေ့တွင် အုန်းပင်တန်းများနှင့် ကမ်းခြေများ ရှိရာ မြိတ်မြို့နှင့် အနီးတဝိုက်ရှိ ခရစ်ယာန် ဘုရားကျောင်း ရှစ်ခုတွင် ကရင်အရပ်သား အနည်းဆုံး ရှစ်ဦးကို ဗမာစစ်သားများက သတ်ပစ်လိုက်ကြသည်။ များမကြာမီ ဗမာ နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ အမိန့်အရ ရဲများက ရန်ကုန်မြို့ မြောက်ဘက်ရှိ ကရင်ရွာကို ၀င်ရောက် တိုက်ခိုက်သည်။ ကရင်လူမျိုး ၁၅၀ ကျော် အသတ်ခံရပြီး လူ ၃၀ ခန့်မှာ သွေးအေးအေးနှင့် ပစ်သတ်ခံခဲ့ရသည်။ ထို့နောက် (ရန်ကုန်နှင့် ကပ်လျက်) အင်းစိန်မြို့နယ်ရှိ လက်နက်တိုက်ကို ကရင်တပ် (KNDO) က ဝင်စီးသည်။ မအူပင်မြို့ရှိ အမေရိကန် နှစ်ခြင်း သာသနာပြု စာသင်ကျောင်းကို အမှတ် ၄ ဗမာ့သေနတ်ကိုင်တပ် (ဗမာတိုင်းရင်းသားတပ်ရင်း) က မီးရှို့ဖျက်ဆီးသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတစ်ဝိုက်ရှိ ရွာများ အချင်းချင်း တိုက်ခိုက်ခြင်းများ ရှိလာသည်။ ကရင်လူမျိုး တရားဟောဆရာများက ဘုရားသခင်ကို မယုံကြည်သူများ လက်ထဲမှ လူစုကို ကယ်ထုတ်ရန် လိုအပ်ကြောင်း ဟောပြောသည်။ KNDO တို့က ပင်လယ်ဆိပ်ကမ်းမြို့ ပုသိမ်ကို ၀င်ရောက်တိုက်ခိုက်ရာ နှစ်ရက်ကြာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပြီးနောက်မှ ယင်းတို့ကို မောင်းထုတ်လိုက်နိုင်ခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တိုက်ပွဲများမှာ ရန်ကုန်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်များ အထိပင် ရောက်လာတော့သည်။

နောက်တစ်နေ့တွင် သစ္စာရှိ ကရင်ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ရာထူးမှ ဖယ်ရှားပြီး ဗမာလူမျိုး ဖြစ်သည့် ဂျပန်လက်ထွက် ဗိုလ်မှူးချုပ် (ယခုဗိုလ်ချုပ်) နေဝင်းကို အစားထိုးလိုက်သည်။ ဒေါသထွက်နေကြသော လူအုပ်ကြီးက ရန်ကုန်မြို့ အနောက်ပိုင်းရှိ ကရင်ရပ်ကွက်များကို မီးရှို့သည်။ နေအိမ်မှ ထွက်ပြေးရန် ကြိုးစားသည့်အခါ အရပ်သားများ သေနတ်နှင့် အပစ်ခံရသည်။ ရန်ကုန်မြို့ မြောက်ဘက်စူးစူးရှိ အင်းစိန်မြို့နယ်ရှိ ဆင်ခြေဖုံးရပ်ကွက်များကို သာမက မင်္ဂလာဒုံမြို့နယ်ရှိ လက်နက်တိုက် အလတ်စားတစ်ခုကို KNDO ကရင်တပ်က သိမ်းလိုက်သည်။ မိမိတို့၏ အမျိုးအနွယ်တို့ ရင်ဆိုင်နေရသော အဖြစ်ကို ကြားသိရ၍ ဒေါသပုံထသည့် (တပ်မတော်တွင်း အကောင်းဆုံး စစ်ရေးလေ့ကျင့်မှုကို ရရှိထားသည်ဟု ဆိုသော) ကရင်တပ်ရင်း ၃ ခု အတိအလင်း ပုန်ကန်ကြတော့သည်။ ယင်းတို့သာ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့လျှင် တပ် ၃ ခု အင်အား စုပေါင်းပြီး ရန်ကုန်ကို အလွယ်တကူ သိမ်းယူနိုင်လိုက်မည်။ ထိုသို့သာဆိုလျှင် ဦးနုအစိုးရလည်း ပြိုလဲသွားလိမ့်မည်။ မြန်မာပြည်၏ ဒုတိယကမ္ဘာစစ်လွန် သမိုင်းကြောင်းတစ်ခုလုံး တစ်မျိုးတစ်ဖုံ ဖြစ်သွားလိမ့်မည်။ သို့ရာတွင် ယင်းတို့က ဘာလုပ်မည်ကို မရေရာခဲ့။ ဒေါသထွက်နေသည်မှာ မှန်သော်လည်း ဗျူဟာ မယ်မယ်ရရ မရှိ။ ကရင်တပ်စု အချို့သာ မြို့လယ်ခေါင်နှင့် မိုင်အနည်းငယ် အကွာအထိ ချီတက်နိုင်ခဲ့သော်လည်း အစိုးရ၏ အခြေစိုက် ခံတပ်များကို မထိုးဖောက်နိုင်ခဲ့။ တစ်ဘက်တွင်မူ ဗိုလ်ချုပ်နေဝင်းမှာ ကယ်တင်ရှင် သူရဲကောင်းကြီး ဖြစ်သွားလေသည်။ စစ်ရဲတပ်ဖွဲ့၊ ဂေါ်ရခါးနှင့် အင်္ဂလိပ်-မြန်မာ စစ်သားများကို အမြန်စုစည်း၍ သူ၏ အမှတ် ၄ ဗမာ့သေနတ်ကိုင်တပ်ရင်းနှင့် အတူ ခုခံခဲ့သည်။ ရန်ကုန်မြို့သို့ ဦးတည်ပြီး ကရင်တပ်ရင်းနှစ်ခု ကားလမ်းမကြီးအတိုင်း ချီတက်လာစဉ် သာယာဝတီမြို့သို့ အရောက်တွင် အစိုးရ၏ ပြာနီအစင်းကြား စပစ်ဖိုင်းယား (Spitfires) တိုက်လေယာဉ်များ၏ ပစ်ခတ်မှုကို ခံရသည်။ ရန်ကုန်မြို့ အပြင်ဘက်တွင်  ရှေ့တန်းစစ်မြေပြင် ဖြစ်လာပြီး နှစ်ဖက်စလုံး ကတုတ်ကျင်းများ စတူးကြတော့သည်။

ဤမျှ ဖြစ်ပျက်နေရုံသည်မှာ မလုံလောက်သေးသည့် အလား အစိုးရအမှုထမ်းများက ဝန်ထမ်းလစာ လျှော့ချလိုက်သည်ကို မကျေနပ်သဖြင့် ဆန္ဒပြ သပိတ်မှောက်ပြန်သည်။ ဖေဖော်ဝါရီလလယ်ပိုင်း အရောက်တွင် အစိုးရရုံး အားလုံး ပိတ်ထားရသည်။ အစိုးရလုပ်ငန်းများလည်း အားလုံး ရပ်ဆိုင်းသွားသည်။ ရန်ကုန်၌ လူထုဆန္ဒပြပွဲများ၊ မြို့ထဲ လမ်းမပေါ်တွင် အထက်အောက် စုန်ဆန်ချီတက် စစ်ရေးပြကာ ဦးနုကို ရာထူးမှ ဖြုတ်ချရန် တောင်းဆိုနေကြသော လက်နက်ကိုင် အဖွဲ့ပေါင်းစုံတို့ကြောင့် အစိုးရခမျာ မလူးသာ မလွင့်သာ။ များမကြာမီ နူရာဝဲစွဲ လဲရာသူခိုးထောင်းသည့်ပမာ စာမေးပွဲလ မတိုင်မီတွင် ကပ်၍ မယုံသင်္ကာ ဖြစ်ဖွယ် ကျောင်းသားများက သပိတ်မှောက်ကြပြန်သည်။ ထိုသို့ မျိုးစုံ ဖြစ်ပျက်နေသည့် ကြားထဲက လွှတ်တော် အစည်းအဝေးများကိုမူ ဆက်လက်ကျင်းပဆဲ။ ဥပဒေသစ် အချို့ကိုပင် ပြဌာန်းလိုက်သေးသည်။ ပျော်ပါးချင်သူများ အတွက်လည်း ရုပ်ရှင်ရုံများက ဖွင့်မြဲ ဖွင့်ထားဆဲ၊ ရန်ကုန် မြင်းပြိုင်ကွင်း၌ မြင်းပွဲများ ပြုလုပ်မြဲ ပြုလုပ်ဆဲ။ မလှမ်းမကမ်းမှ အမြှောက်သံ၊ သေနတ်သံများ ကြားနေရသည့်တိုင် ဗိုလ်ချုပ်နေဝင်းကို အပတ်စဉ် စနေနေ့တိုင်း မြင်းပွဲ၌ တွေ့ရတတ်သည်။ ပိုက်ဆံ အနည်းငယ် ပေးကာ ဘတ်စ်ကား အထူးကားစီးပြီး ရှေ့တန်းသို့ အလည်သွားကာ၊ ခပ်လှမ်းလှမ်းတွင် ပုန်းနေသော ကရင်စစ်သားများကို  သေနတ်ဖြင့် တစ်ချက်၊ နှစ်ချက် ရမ်းသမ်း လှမ်းပစ်ကြည့်နိုင်သည့် အခြေအနေတွင် ရှိနေခဲ့သည်။

မြန်မာပြည် တစ်ဝှမ်းလုံးတွင် အခြေအနေ မဟန်လှ။ ကချင်တပ်မှုး နော်ဆိုင်းက သူပုန်အလံထူကာ ပုန်ကန်သည်။ သူ၏ အမှတ် ၁ ကချင်သေနတ်ကိုင်တပ်ရင်းမှာ ကရင်သူပုန်များနှင့် မဟာမိတ်ဖွဲ့လိုက်ကြောင်း ကြေညာသည်။ ပျဉ်းမနားမြို့မှ မေမြို့အထိ တောင်တန်းဒေသမြို့ တစ်မြို့ပြီး တစ်မြို့ကို တစ်ခဏအတွင်း သိမ်းလိုက်သည်။ ဒေသခံတပ်တို့က မီးကုန်ယမ်းကုန် ခုခံသည့်တိုင် မတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့ သူပုန်လက်ထဲ ကျသွားသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပခုက္ကူမြို့ရှိ ချင်းတပ်ရင်းတစ်ခု၏ တပ်ရင်းမှုးသည် အထက်မှ အမိန့် တစ်စုံတစ်ရာ ညွှန်ကြားခြင်း မရှိသည်မှာ အတန်ကြာသဖြင့် အစိုးရအဖွဲ့ကြီး အာဏာကုန်လေပြီဟု ကောက်ချက်ချပြီး သူ့တပ်သားများကို ခေါ်ကာ တောင်တန်းဒေသ ဇာတိမြေသို့ ပြန်လည် ချီတက်သွားတော့သည်။ အခြေအနေမှာ အတော်ကိုပင် ရှုပ်ထွေးလှသည်။ အချို့ဒေသများတွင် ကွန်မြူနစ်တို့နှင့် လက်နက်ကိုင်တပ်ဖွဲ့များ အာဏာခွဲဝေ အုပ်ချုပ်ကြသည်။ မန္တလေးမြို့ကိုမူ ကရင်တပ်များနှင့် ကွန်မြူနစ်တို့ ပူးတွဲအုပ်ချုပ်သည်။ အချို့ဒေသများတွင် နိုင်ငံရေးပါတီစွဲ မရှိသော အာဏာရှင်ဆန်ဆန် ခေါင်းဆောင်များ ပေါ်ထွက်လာကာ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေါင်းဆောင်နေရာကို ယူကာ အုပ်ချုပ်ရေးကို မူပိုင်စီးသည်။ ရည်မှန်းချက် တိတိပပ ရှိသူက နည်းသည်။ ရည်မှန်းချက် ရှိပါကလည်း အစိုးရနှင့် အပေးအယူလုပ်ရန် ဆန္ဒမရှိ။ ဒုတိယကမ္ဘာစစ်ကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဗြိတိသျှ ဆန့်ကျင်ရေး လှုပ်ရှားမှုတို့ထံမှ ရလိုက်သော သင်ခန်းစာကား ခေါင်းမာရမည်၊ အင်အားကုန် သုံးရမည်၊ ဤသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ထင်မှတ်ယူကြဟန် ရှိသည်။ လူငယ်လူရွယ်တိုင်းတွင်  စိတ်ကူးယဉ် စံပြ မြန်မာပြည်ကြီး အသီးသီး ရှိနေပြီး မျှော်မှန်းချက် ကိုယ်စီကို အသေခံ ဖက်တွယ်ထားကာ ပျော်ပျော်ကြီး စစ်တိုက်ကြမည့်သူများ ဖြစ်ကြသည်။

ယနေ့ မြန်မာ့တပ်မတော်၏ စစ်ယန္တရားကြီးကို ဤကဲ့သို့ ရှက်စရာ ကောင်းလှစွာ နိဒါန်းပျိုး တည်ထောင်ခဲ့ကြလေသည်။ အစိုးရကို ဆန့်ကျင်သည့် အင်အားစုမှာ ခန့်မှန်းခြေ တပ်ဖွဲ့ သုံးသောင်းခန့် ရှိပြီး တိုက်ရေးခိုက်ရေး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဗြိတိသျှလက်ကျ တပ်ရင်းများလည်း ပါဝင်သည်။ ၄င်းတို့ကို ရင်ဆိုင်မည့် ဗိုလ်ချုပ်နေဝင်းတွင် သာမန်စစ်သား ၃၀၀၀ ပါဝင်သည့် မဖြစ်စလောက် အင်အားသာ ရှိသည်။ သစ္စာခံ တပ်ရင်းအချို့မှ စစ်သားများ ပါဝင်ပြီး အများစုမှာ သူ၏ အမှတ် ၄ ဗမာ့သေနတ်ကိုင်တပ်ရင်းမှ ဖြစ်ကြသည်။ စစ်အတွင်းက ဗိုလ်ချုပ်နေ၀င်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ လက်အောက်၌ အမှုထမ်းခဲ့သူများဖြစ်ပြီး အများစုမှာ ဂျပန်လက်ထွက်များ ဖြစ်ကြသည်။ ဗိုလ်ချုပ်နေဝင်းက ဗိုလ်ချုပ်စလင်း၏ အမှတ် ၁၄ တပ်မတော်က ချန်ထားရစ်ခဲ့သော သံတိုသံစ အမှိုက်ပုံကြီးထဲမှ ရရာ ကောက်ကာ တင့်ကားနှစ်စီးကို တပ်ဆင်နိုင်ခဲ့သည်။ ဤသို့ မင်းမဲ့အခြေအနေ သို့မဟုတ် ကွန်မြူနစ်တို့ တိုင်းပြည်ကို သိမ်းပိုက်နိုင်ခါနီး အချိန်တွင် ဗြိတိသျှတို့က အဖိုးတန်လှသော အကူအညီများ ပေးလာသည်။ လက်နက်နှင့် ခဲယမ်းမီးကျောက် အပြင် ဒါကိုတာ (Dakota) စစ်လေယာဉ် ၆ စင်း ပံ့ပိုးသည်။ အစိုးရက ထိုလေယာဉ်များကို သုံးကာ  အခြား ပြည်နယ်ဒေသများ အဆက်အသွယ်မပြတ်အောင် ထိန်းထားနိုင်ပြီး တပ်များကိုလည်း လိုအပ်သလို အပြောင်းအရွှေ့ လုပ်နိုင်ခဲ့သည်။ ဒါကိုတာ လေယာဉ်များကို ဗြိတိသျှ လေယာဉ်မှုးများက အရပ်သား ကန်ထရိုက်စာချုပ်နှင့် ပျံသန်းပေးသည်။ ဗိုလ်ချုပ်နေဝင်း၏ တပ်များကို ကက်တာလီနာ (Catalina) ရေယာဉ်ပျံများကလည်း ကူညီသည်။ အမေရိကန် စစ်ပြန်များနှင့် မြန်မာ လေသူရဲများ မောင်းနှင်ပြီး အလွယ်တကူ ဆင်းသက်နိုင်သဖြင့် ရန်သူ့တပ်များ စုဝေးရာ နေရာများကို ရေယာဉ်ပျံ ဘေးဘက်တွင် တပ်ဆင်ထားသော ခေတ်မီ စက်သေနတ်များနှင့် ပစ်ခတ်ပြီး ကစဉ့်ကရဲ လူစုကွဲအောင် ဖြိုခွဲနိုင်ခဲ့သည်။ ဝန်ကြီးချုပ် ကိုယ်တိုင်ပင်လျှင် (အမေရိကန် ကပ္ပတိန် ချက်ဘရောင်း မောင်းနှင်သော) ကက်တလီနာ စီးနင်းကာ ဟိုဟိုဒီဒီ စည်းရုံးရေး ဆင်းလိုက်သေးသည်။ ဗြိတိန်အစိုးရက ဒုက္ခပင်လယ် ဝေနေသော မြန်မာအစိုးရကို ပေါင် ၆ သန်း ချေးပေးသေးသည်။ ထိုမျှမက ဗြိတိန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့ အားလုံးထည့်ဝင်ပြီး အရေးပေါ် ထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၈ သန်း ပေးပြန်သည်။ ဗြိတိသျှ၊ အိန္ဒိယနှင့် အခြား သံတမန်များက ကြားဝင်ဖြန်ဖြေရေးများ အတွက် ဝိုင်းကူကြသည်နှင့် အတူ မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယ အဖွဲ့၀င်နိုင်ငံအဖြစ်မှ နှုတ်ထွက်ထားသည်မှာ တစ်နှစ်ကျော်ကျော်သာ ရှိသေး၊ သည်အတိုင်းဆိုလျှင် အဖွဲ့ထဲ ပြန်ဝင်တော့မည်ဟု ထင်ကြေးပေး ခန့်မှန်းနေကြသည်။

ဧပြီလတွင် တောခိုနေသော ကချင်တပ်မှုး နော်ဆိုင်း ခေါင်းဆောင်သည့် တပ်သားအင်အား ၂၀၀၀ ရှိ စစ်ကြောင်းသည် စစ်သုံး ဝီလီဂျစ်များ၊ ထရပ်ကားဟောင်းများ စီးကာ တောင်ဘက်သို့ ချီတက်လာသည်။ မေလ ၁ ရက်နေ့ အမီ ရန်ကုန်မြို့ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် စစ်ချီလာသော ကချင်စစ်ကြောင်းကို မြို့တော်နှင့် မိုင်တစ်ရာပင် မဝေးတော့သည့် နေရာရောက်မှ ဟန့်တားနိုင်ခဲ့သည်။ မြို့တော်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုများထဲ ဤတစ်ကြိမ်မှာ နောက်ဆုံး ဖြစ်သည်။ များမကြာမီ အပြောင်းအလဲများ အကြီးအကျယ် ဖြစ်လာတော့သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် မန္တလေးမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ အစိုးရ ဝန်ထမ်းပေါင်းစုံ သပိတ်ကြီးလည်း ပြိုကွဲသွားသည်။ အလုပ်စားပွဲများဆီသို့ ချည်ထည်တိုက်ပုံနှင့် ပုဆိုးဝတ် စာရေးစာချီများ မသိမသာ ပြန်ရောက်လာသည်။ ရန်ကုန်မြို့နှင့် အနီးတဝိုက်၌ ဆက်တိုက် ဖြစ်ပွားသော တိုက်ပွဲများတွင် ကရင်တို့ အရေးနိမ့်ကာ တစ်ချိန်က ပေါ်တူဂီတို့ နေထိုင်ခဲ့ရာ ရန်ကုန်မြစ် တစ်ဘက်ကမ်း သန်လျင်မြို့သို့ မောင်းထုတ်ခံရသည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် တောင်ငူရှိ ကရင်သူပုန် ဌာနချုပ်ကို သိမ်းပိုက်လိုက်နိုင်သည်။ ကရင်တို့၏ ခေါင်းဆောင် ကျောင်းဆရာဟောင်း စောဘဦးကြီးလည်း ချုံခိုတိုက်ပွဲ၌ လုပ်ကြံခံရသည်။ ကိုရီးယား ပြည်တွင်းစစ်ပွဲ စတင်ဖြစ်ပွားသည့် လများ အတွင်း ကွန်မြူနစ်များက တရုတ်ထံမှ အကူအညီရရန် မျှော်လင့်ခဲ့ကြသည်။ ပစိဖိတ်စစ်ပွဲသစ်မှ တရုတ်တပ်များနှင့် အင်အား သွားပေါင်းရန် မျှော်လင့်ချက်ဖြင့် ကွန်မြူနစ်တပ် အများအပြား(ဂျော့ချ်အော်ဝဲလ် တာ၀န်ကျခဲ့ရာ) ကသာမြို့သို့ ရွှေ့ပြောင်း တပ်စွဲသည်။ သို့သည့်တိုင် ဗိုလ်ချုပ်နေဝင်းသာလျှင် အသာစီး ပိုပိုရလာသည်။ စစ်ဆင်ရေးကြီး တစ်ခုဖြင့် ကွန်မြူနစ် ဌာနချုပ် (နေကြာပန်းစခန်း)ကို စီးနင်း တိုက်ခိုက်ရာ ပြည်သူ့ရဲဘော် အုပ်စုသည်လည်း များစွာအန္တရာယ် မပေးနိုင်တော့သော ပြောက်ကျားတပ်စုလေးများ အဖြစ် အစိတ်စိတ် ကွဲသွားတော့သည်။ ဤသို့ အစိုးရဘက်မှ ဆက်တိုက် အောင်ပွဲဆင်နေခဲ့ရာ ကွန်မြူနစ်နှင့် ကရင်တို့ ရှေ့ဆက်ရမည့် ခရီးအတွက် သဘောထား ကွဲပြားလာသည်။ အချို့က အစိုးရနှင့် အပေးအယူလုပ်ရန် တိုက်တွန်းကြသည်။ ပြဿနာများ ပြီးဆုံးသွားပြီဟု မဆိုနိုင်သေးသည့်တိုင် တပ်မတော်သည် တဖြည်းဖြည်းနှင့် တစ်မြို့ချင်း၊ တစ်ရွာချင်းကို အာဏာ ပြန်သိမ်းနိုင်ပြီ ဖြစ်သည်။

သက်တမ်းနုသေးသည့် မြန်မာနိုင်ငံသည် ဒုက္ခမျိုးစုံဖြင့် ပွဲဦးထွက်ခဲ့ရပေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ပျက်စီးဆုံးရှုံးမှုများ အပြင် လောလောလတ်လတ် ပြည်တွင်း ဆူပူသောင်းကျန်းမှု တိုက်ပွဲများ အတွက် တိုင်းပြည်၏ အသုံးစရိတ် ခန့်မှန်းခြေ ပေါင်သန်း ၂၅၀ (သို့မဟုတ် ပေါင် ၅ ဘီလီယံ၊ ယနေ့ခေတ် စျေးနှုန်းအရ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်) ကုန်ကျခဲ့ရသည်။ ဤသည်မှာ ရုပ်ဝတ္ထုပစ္စည်း ဆုံးရှုံးပျက်စီးမှု တန်ဖိုးသာ ဖြစ်သည်။ တိုင်းပြည်ကို ချောက်ထဲကျလုဆဲဆဲ အခြေအနေမှ ဆွဲတင်ပြီး ကွန်မြူနစ်တို့ လက်အောက် ကျရောက်မည့် ဘေး သို့တည်းမဟုတ် ပြည်ထောင်စုကြီး အစိတ်စိတ် အမြွာမြွာ ဖြစ်မည့်ဘေးမှ ရှောင်လွှဲပေးခဲ့သူ နှစ်ယောက် ရှိပါသည်။ ဝန်ကြီးချုပ် ဦးနုနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းတို့ ဖြစ်သည်။ နောက်ရာစုဝက်ခန့်တွင် မြန်မာပြည်ကို ယင်းတို့နှစ်ဦးသား မတူခြားနားသော နည်းလမ်းကိုယ်စီဖြင့် အတူ လိုရာပုံသွင်းကြပါလိမ့်မည်။

(သန့်မြင့်ဦး၏ The River of Lost Footsteps စာအုပ်မှ ကောက်နှုတ်ပါသည်။)

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်