ကနောင်မင်းသားကြီး လုပ်ကြံခံရခြင်း
event_note ခေတ်ကာလများပြပုံ

သြဂုတ် ၁၈၆၆

ကနောင်မင်းသားကြီး လုပ်ကြံခံရခြင်း

people King Mindon Prince of Kanaung Prince of Myingun

Read in English

၁၈၆၆ ခုနှစ် သြဂုတ်လတွင် (ဓာတ်ပုံထဲပါ) ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မြန်မာ့သမိုင်း ဦးတည်ရာလမ်းကြောင်းသည် ထာဝရ ပြောင်းလဲသွားခဲ့သည်။ ကနောင်မင်းသားကြီးသည် မင်းတုန်းမင်းကြီး၏ ညီတော် တဖြစ်လဲ အုပ်ချုပ်ရေးပိုင်းတွင် အားထားရသူလည်းဖြစ်သည်။ အိမ်ရှေ့စံမင်းသားလည်း ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်၊ တိုင်းပြည် ခေတ်မီတိုးတက်လာစေရန်၊ တိုင်းပြည်၏အချုပ်အခြာအာဏာကို ကာကွယ်ရန် မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့ နှစ်ဦး အတူတကွ ဦးဆောင်ထမ်းရွက်ခဲ့ကြသည်။ ကနောင်မင်းသားကြီး၏ လမ်းညွှန်မှုအောက်တွင် ကျောင်းသား ဒါဇင်နှင့်ချီကို ဥရောပသို့ ပညာတော်သင်စေလွှတ်ခဲ့သည်။ ထိုအထဲတွင် စစ်တပ်တွင်း အကြီးစားပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်အတွက် စစ်ပညာသင်ယူမည့် ကျောင်းသားများလည်း ပါသည်။ လက်နက်နှင့်ခဲယမ်းများထုတ်လုပ်ရန် လက်နက်စက်ရုံများအပါအဝင် ခေတ်မီစက်ရုံကြီးများကို တည်ထောင်ခဲ့သည်။ ကြေးနန်းလိုင်းတစ်ခုကို ထူထောင်ခဲ့သည့်အပြင် မီးသင်္ဘော ၁၀ စီးကို အင်္ဂလန်မှ တင်သွင်းခဲ့သည်။ ထိုတင်သာမက တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး အုတ်မြစ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ကာ လယ်ယာခွန်ကောက်ခံခြင်းမှအစ ဗျူရိုကရေစီ ဖွဲ့စည်းပုံစနစ်အထိ အခြေခံကျသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စတင်ခဲ့သည်။ ယင်းတိုင်းပြည်တိုးတက်ရေးအစီအစဉ်သည် အီဂျစ်၊ ဂျပန်နှင့် ထိုင်း (Siam) တွင် ကြိုးပမ်းခဲ့သော အစီအစဉ်များနှင့် အတူတူပင် ဖြစ်သည်။ ၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ နေမွန်းတည့်ခန့်အချိန်တွင် ကနောင်မင်းသားကြီးနှင့်အတူ ဝန်ကြီးများ၊ အတွင်းဝန်များသည် ကနောင်မင်းသားကြီး တူတော်(မြင်ကွန်းမင်းသား)ထံ သစ္စာခံသော နောက်လိုက်ဗိုလ်ပါများ၏ လုပ်ကြံခြင်း ခံရလေသည်။ ထို့နောက်တွင် မင်းတုန်းမင်း သစ္စာခံများနှင့် အပြိုင်မင်းသား ဂိုဏ်းကွဲဂဏများအကြား ပြည်တွင်းစစ် ဖြစ်ပွားသည်။ ရက်သတ္တပတ်ပေါင်းများစွာကြာ ဧရာဝတီ စုန်ဆန်တလျှောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် နောက်ဆုံးတွင် မင်းတုန်းမင်းကြီးသည် ပုန်ကန်တော်လှန်သူများကို ချေမှုန်းနိုင်ခဲ့သည်။ သို့သော် မင်းတုန်းမင်း၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် ကြီးစွာ အားလျော့သွားခဲ့လေပြီ။ မင်းတုန်းမင်း ကိုယ်တိုင်လည်း ယခင်ကနှင့် မတူတော့ဘဲ အိမ်ရှေ့စံမင်းသားအသစ်ကို ထပ်မံ၍ လျာထားခဲ့ခြင်း မရှိတော့ချေ။ ပုန်ကန်တော်လှန်သော မင်းသားများသည် အတိတ်အာဃာတ၊ အာဏာမက်မောမှု၊ အခွင့်အရေးပိုမိုရသင့်သည်ဟု ခံစားရခြင်းစသည့် ပယောဂများကြောင့် ထိုကဲ့သို့ ကြံစည်ခဲ့ကြခြင်းဖြစ်သည်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကန့်ကွက်ခဲ့သူတစ်ဦးတစ်ယောက်မျှ မပါခဲ့ချေ။ သို့သော် ထို နန်းတွင်းသွေးကွဲမှုအရေးအခင်းသည် မြန်မာပြည်ခေတ်မီတိုးတက်ရေးအတွက် ကြိုးပမ်းမှုကို ပျက်စီးခြင်းကိန်းသို့ ဆိုက်ရောက်စေခဲ့သည်။ ထိုမှတစ်ဆင့် ၁၈၇၈ ခုနှစ် ကပ်ကြီးဆိုက်ကာ နောက်ဆုံးတွင် ၁၈၈၅ ခုနှစ်၌ ဗြိတိသျှတို့၏ နယ်ချဲ့သိမ်းပိုက်ခံရသည်အထိ ဖြစ်စေခဲ့လေတော့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်