၈ ဇူလိုင် ၁၈၅၄ - ၁ အောက်တိုဘာ ၁၈၇၈
မင်းတုန်းမင်းတရား၏ ပြုပြင်ပြောင်းလဲမှုများ
people King Mindon Prince of Kanaung
မင်းတုန်းမင်း မဟာမုနိဘုရားတွင် အလှူပြုနေပုံ။
မြန်မာတို့က မင်းတုန်းမင်းသည် သာသနာကို များစွာ အကျိုးပြုသည့် ဒါယကာတော်၊ နောက်ဆုံးသော မင်းကောင်းမင်းမြတ်ဟု မှတ်ယူကြသည်။ သူ အုပ်စိုးခဲ့စဉ် ၁၈၇၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ပိဋကတ်သုံးပုံကို ပြန်လည် အတည်ပြု သန့်စင်ရန် တိုင်းတပါးမှ ရဟန်းတော်များ အပါအဝင် ရဟန်းတော် အပါးရေ ၂၄၀၀ ကျော် တခမ်းတနား တက်ရောက်ခဲ့သည့် ပဉ္စမအကြိမ် သင်္ဂါယနာတင်ပွဲသည် အနှစ်နှစ်ထောင် အတွင်း ပထမဆုံး ပြုလုပ်နိုင်ခဲ့သည့်ပွဲ ဖြစ်သည်။ မင်းတုန်းမင်းသည် ဗုဒ္ဓဘာသာ တစ်ခုတည်းကိုသာ စေတနာ သဒ္ဓါတရား ထက်သန်ခဲ့သည် မဟုတ်ပေ။ မန္တလေးမြို့ရှိ အစ္စလာဘာသာဝင်များ အတွက် ဗလီဆောက်ပေးသည့် အပြင် မက္ကာမြို့သို့ ဘုရားဖူး သွားရောက်သည့် မြန်မာမူဆလင်များ တည်းခိုနိုင်ရန် ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ခရစ်ယာန် ဘုန်းတော်ကြီး ဂျိမ်း အက်ဘနီဇာ မတ် (James Ebenezer Mark, ဆရာမတ်ကြီးဟု လူသိများခဲ့သည်။) ကို ဖိတ်ခေါ်ကာ မန္တလေးနန်းမြို့ရိုး အပြင်ဘက်တွင် အင်္ဂလိကန် သာသနာပြု စာသင်ကျောင်း ဆောက်လုပ်စေခဲ့သည်။
သို့ရာတွင် မင်းတုန်းမင်း၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းမှုများ၊ ဗြိတိသျှ အိန္ဒိယပြည်၏ တိုးချဲ့မှုများမှ ကာကွယ်ရန် ဆောင်ရွက်ခဲ့သည့် တိုင်းပြည် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုများကိုမူ အရေးတယူ သတိတရ မရှိကြပါ။ ဗိုလ်ချုပ်ပရင်ဒါဂတ်စ် (General Prendergast) ၏ အောင်မြင်မှုနှင့် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့၏ ကျူးကျော်မှုကြောင့် နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှုများကြောင့် အဆုံးသတ်တွင် မအောင်မြင်ခဲ့သောကြောင့် ဖြစ်နိုင်ပါသည်။ သို့သော်လည်း ထိုအားထုတ်ကြိုးပမ်းမှုများသည် ၁၉ ရာစုနှောင်းပိုင်း မြန်မာ့လူ့အဖွဲ့အစည်းတွင် နက်ရှိုင်းစွာ အကျိုးသက်ရောက်ခဲ့သည့် အပြင် ဗြိတိသျှတို့၏ နယ်ချဲ့အုပ်ချုပ်ရေးတွင် အခြေခံရာ ဖြစ်သောကြောင့် သိနားလည်ရန် လွန်စွာ အရေးကြီးပေသည်။
မင်းတုန်းမင်းသည် ညီတော် ကနောင်မင်းသားနှင့် အတူယှဥ်တွဲကာ အုပ်ချုပ်မှုရေးရာများကို မျှဝေအုပ်ချုပ်သည်။ ကနောင်မင်းသားက စစ်ရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန် တာဝန်ယူသည်။ အတူယှဉ်တွဲ မင်းပြုသည်ဟုပင် ဆိုနိုင်သည်။ ကနောင်မင်းသားသည် ဘုရင်နှင့် တန်းတူနီးပါး အဆောင်အယောင် ခမ်းနားထည်ဝါစွာ စံမြန်းနေပြီး ထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသား အရာရထားသည်ကို မင်းတုန်းမင်း၏ သားတော်ကြီးများက မကျေနပ်ပေ။ မင်းတုန်းမင်း၏ မိဖုရားခေါင်ကြီးမှာလည်း အရေးပါသော သြဇာညောင်းသူ ဖြစ်သည်။ မင်းတုန်းမင်း၏ အဖေတူ အမေကွဲ အစ်မတော် တော်စပ်သည့် စကြာဒေဝီ မိဖုရားခေါင်ကြီးသည် တော်ဝင်မိသားစု၏ မျိုးရိုးမြင့်သော အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။ သိပ္ပံပညာနှင့် နက္ခတ်ပညာကို အထူး စိတ်ပါဝင်စားသည်ဟု ကျော်ကြားသည်။ ဗေဒင်တွက်ချက်ရာတွင် အင်္ဂလိပ်တို့၏ ရေကြောင်းသုံး ပြက္ခဒိန်ကို အသုံးပြုသည်။ ရာချီသော မိဖုရား၊ ကိုယ်လုပ်တော်များ အားလုံးထက် ဘုရင်အပေါ် ပြိုင်ဖက်မရှိ သြဇာညောင်းသည်မှာလည်း ထင်ရှားသည်။
ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ တစိတ်တဒေသ အနေဖြင့် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့သည် မြန်မာလူငယ်များ (အထူးသဖြင့် နန်းတွင်းမှူးမတ်ကြီးများ၏ သားများ) ကို နိုင်ငံရပ်ခြားကို ပညာတော်သင် စေလွှတ်ခဲ့သည်။ အချို့က နီးနီးနားနား အိန္ဒိယနိုင်ငံရှိ ကျောင်းများ၊ တက္ကသိုလ်များတွင် တက်ရောက်ကြသော်လည်း အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမဏီနိုင်ငံ စသည့် အနောက်တိုင်း နိုင်ငံများတွင် ပညာသင်ရန် ရောက်ရှိသွားသူများလည်း ရှိသည်။ ၁၈၇၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် အဝနေပြည်တော်၏ ထိပ်တန်းရာထူးများတွင် နိုင်ငံခြား ပညာတော်သင်ပြန် အရာရှိများ ရှိနေပြီး ၎င်းတို့သည် ကံဆိုးမိုးမှောင်ကျ မအောင်မြင်ခဲ့သည့် ခေတ်မီတိုးတက်ရေး အားထုတ်မှုများတွင် ပါဝင်ခဲ့ကြရသည်။
မင်းတုန်းမင်း၏ လက်ထက်တွင် တပ်မတော်ကိုလည်း ပြန်လည်အားဖြည့်တင်းကာ စနစ်တကျ စီမံခဲ့သည်။ စက်ရုံများ တည်ထောင်ကာ ထိုကာလထိ အသုံးပြုနေသေးသော ရှေးကျသည့် မက်စကပ်သေနတ်များကို အစားထိုးနိုင်မည့် ရိုင်ဖယ်သေနတ်များ၊ ခဲယမ်းများ ထုတ်လုပ်ခဲ့သည်။ မီးသင်္ဘော ဆယ်စင်းလည်း တင်သွင်းခဲ့သည်။ မူလက သာမန် ပို့ဆောင်ဆက်သွယ်ရေး အတွက် ရည်ရွယ်သော်လည်း နောင်တွင် ပြည်တွင်း လုံခြုံရေးကို ထိန်းသိမ်းရာတွင်ပါ အရေးပါလာသည်။ ပို၍ အရေးပါသည်မှာက စစ်ဖြစ်လျှင် မိသားစုများမှ ယောက်ျားသားများနှင့် အရာရှိများအား မျိုးရိုးနေရာကို ဆက်ခံပြီး စစ်မှုထမ်းစေသည့် စနစ်ကို ဖျက်သိမ်းလိုက်ကာ အမြဲတမ်း တပ်မတော် ဖွဲ့စည်းလိုက်သည်။ ရာစုနှစ်များစွာ စစ်မှုထမ်းရခြင်းကို ဂုဏ်ယူကြသည့် ထိုမိသားစုများက အမြဲတစေ အဝတပ်မတော်ကို အင်အားဖြည့်ရန် နောက်မတွန့်ခဲ့ကြပေ။ ရှင်ဘုရင်နှင့် နီးစပ်ပတ်သက်ခြင်းသည် သူတို့၏ ရပ်ရွာဒေသတွင် ဂုဏ်သတင်း အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရန်လည်း အထောက်အကူ ဖြစ်စေသည်။ ယခုတော့ ထိုစနစ်သည် ဖျက်သိမ်းခံရပြီ ဖြစ်သည်။
၁၈၇၀ ခုနှစ်တွင် အထက်မြန်မာပြည်ရှိ အခြားမြို့များ အပါအဝင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ကို ဆက်သွယ်သော ကြေးနန်းလိုင်း တည်ဆောက်နိုင်ခဲ့သည်။ မြန်မာ မော့စ်သင်္ကေတ အချက်ပြစနစ်ကိုလည်း တီထွင်သည်။ အနောက်တိုင်းမှ ဓါတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဆိုင်ရာ စာအုပ်များကိုလည်း ဝယ်ယူပြီး အင်္ဂလိပ် စွယ်စုံကျမ်းကိုပင် မြန်မာဘာသာသို့ ပြန်ဆိုရန် အစီအစဉ်များ ပြုလုပ်ခဲ့သေးသည်။ စီမံကိန်းကြီး များစွာ ရေးဆွဲကာ စက်မှုလုပ်ငန်းသစ်များ တည်ထောင်ရန် ငွေကြေးများစွာ သုံးစွဲခဲ့သည်။ ဖန်ချက်စက်ရုံမှ အထည်ချုပ်စက်ရုံများ အထိ အထွေထွေ စက်မှုလုပ်ငန်းများသည် စီးပွားရေးအရ အကျိုးအမြတ် မဖြစ်ထွန်းသေးသော်လည်း မန်းမြို့တော်၏ မြို့ရိုးနီနီ၏ အပြင်ဘက်တွင် မြန်မာပြည်သစ်ကို တည်ထောင်နေကြောင်း ပြသရန် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အုပ်ချုပ်ရေး လုပ်ငန်းပိုင်းကိုလည်း ခေတ်မီအောင် ပြန်လည်ဖွဲ့စည်းသည်။ (စစ်မှုထမ်းစနစ်ကို ပြောင်းလဲခဲ့သကဲ့သို့) နိုင်ငံရေး သြဇာ ချုပ်ကိုင်နေမှုများကို ပြောင်းလဲလိုက်ခြင်းဖြင့် ဧရာဝတီမြစ်ဝှမ်းဒေသတွင် သက်တမ်းရာချီ ကျင့်သုံးနေခဲ့သော လူမှုအဖွဲ့အစည်း စနစ်၏ သြဇာ လျော့ပါးသွားစေခဲ့သည်။ အုပ်ချုပ်ရေးကို ဗဟိုမှ ချုပ်ကိုင်ကာ စနစ်တကျ ဖြစ်စေသည်။ ယခင်ဌာနဟောင်းများကို ဖျက်သိမ်းကာ ဌာနသစ်များကို ဖွဲ့စည်းသည်။ ရာစုနှစ်များစွာ အတွင်း ကြီးထွားဖွံ့ဖြိုးခိုင်မြဲနေခဲ့သည့် ကမောက်ကမ ရိုးရာဓလေ့များကို အစားထိုးမည့် ဘဏ္ဍာရေး စနစ်သစ်ကို တီထွင်ထူထောင်ခဲ့သည်။ ခေတ်မီရန် အတွက် တညီတညွတ် တသမတ်တည်း ဖြစ်ရန်၊ အာဏာသက်ရောက်ပုံ တိကျသေချာစွာ ရှိရန်၊ တရားရေးတွင် စီရင်နိုင်ခွင့် ရှင်းလင်းပြတ်သားစွာ ရှိရန် လိုအပ်သည်ဟု ယူဆတွေးမြင်ခဲ့သည်။ ယခင်က ထိုသို့ ယူဆလုပ်ဆောင်ချက်များ လုံးဝမရှိခဲ့ပေ။ ဤမင်းဆက် မတိုင်မီ နှစ်ပေါင်းများစွာက မျိုးရိုးစဉ်ဆက် ရာထူးဆက်ခံသော ဓလေ့အရ သက်ဆိုင်ရာ မျိုးနွယ်စုများသည် ၎င်းတို့ လက်အောက်ခံနယ်များတွင် သြဇာညောင်းခဲ့သော်လည်း ယခုအခါ မန္တလေးမြို့နှင့် နန်းတွင်းမှ ခန့်အပ်သော တာဝန်ခံ အမှုထမ်းများ၏ လွှမ်းမိုးမှုကြောင့် သူတို့၏ သြဇာမှာ မှေးမှိန်ရပြီ ဖြစ်သည်။ ရှေးယခင်ကပင် တော်ဝင်မိသားစုများနှင့် မှူးကြီးမတ်ရာတို့သည် မြို့ရွာများကို အပိုင်စားရကာ ထိုမြို့ရွာများမှ အခွန်စားခြင်းဖြင့် ဝင်ငွေရရှိသည်။ (ထို့ကြောင့် မြို့စား သို့မဟုတ် ရွာစား ဟု ခေါ်ဝေါ်ခဲ့ကြသည်။) ယခုမူ လစာရိက္ခာ အနေဖြင့်သာ ဝင်ငွေရရှိတော့မည် ဖြစ်ပြီး အပိုင်စားရသော ကျေးလက်ဒေသများနှင့် အဆက်အသွယ် ပြတ်တောက်သွားမည် ဖြစ်သည်။ လက်ရှိ အသုံးပြုနေသည့် စနစ်တကျ မရှိသော အခွန်ကောက်ခံမှုကို အစားထိုးရန် အခွန်စနစ်သစ်ကို ထူထောင်ခဲ့သည်။ ဤသည်မှာ အုပ်ချုပ်မှုစနစ် တစ်ခုလုံးကို တော်လှန်ပြောင်းလဲမှု ဖြစ်ပြီး များမကြာမီတွင်ပင် အထက်မြန်မာပြည်၏ လူ့အဖွဲ့အစည်းကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
အီဂျစ်နိုင်ငံတွင် ကဲ့သို့ပင် မြန်မာပြည်၏ ခေတ်မီပြောင်းလဲရေးများကိုလည်း ဝါဂွမ်းကုန်သွယ်မှုဖြင့် ဝင်ငွေထောက်ပံ့ရန် ရည်ရွယ်ခဲ့သည်။ မြေသြဇာကောင်းသော မြစ်ဝကျွန်းပေါ် မရှိတော့သည့် အတွက် မန္တလေးတစ်ဝိုက် နယ်မြေကြမ်းများတွင် ဆန်စပါး အပိုအလျှံ မထွက်နိုင်ပေ။ မင်းတုန်းမင်းသည် ဝါဂွမ်းသည်သာ ဝင်ငွေရနိုင်သော သီးနှံ ဖြစ်ပြီး အထွက်နှုန်း တိုးစေရန် အားပေးကာ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြင့် ဘဏ္ဍာတိုက်ကို ဖြည့်တင်းနိုင်မည်ဟု နားလည်ခဲ့သည်။ သူ၏ အစီအစဉ်သည် တစ်ခဏတော့ အလုပ်ဖြစ်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်များတွင် အမေရိကန် ပြည်တွင်းစစ်ကြောင့် ယူနီယံမြောက်ပိုင်းတပ်များက တောင်ပိုင်း ကွန်ဖက်ဒရိတ် ဆိပ်ကမ်းမြို့များကို ပိတ်ဆို့ထားသောအခါ ကမ္ဘာ့ဈေးကွက်တွင် ဝါဂွမ်းဈေးများ မြောက်တက်သွားပြီး မင်းတုန်းမင်း၏ အရောင်းကိုယ်စားလှယ်များသည် အမြတ်အစွန်း များစွာ ရရှိခဲ့သည်။ ထိုကာလများတွင်တော့ အဆင်ပြေနေခဲ့သည်။ ကမ္ဘာ့ထိပ်တန်း ဖြစ်မနေသည့်တိုင်အောင် နောက်ဆုံးကတော့ လိုက်မနေခဲ့ရချေ...
~ သန့်မြင့်ဦး၏ ‘The River of Lost Footsteps’ စာအုပ်မှ ကောက်နှုတ်ပါသည်။
ပုံ - ဗြိတိသျှစာကြည့်တိုက်။
၁၈၅၅ ခုနှစ်က မင်းတုန်းမင်းထံ အခစားဝင်ရောက်စဉ် ဆာဟင်နရီယူးလ် (Sir Henry Yule) က အစောတလျင် ရေးခြစ်ထားသော ပုံကြမ်း။