အမေ့ခံအတိတ်
အမေ့ခံအတိတ်
စစ်ဖြစ်စေခဲ့သော ရာဇသံ
event_note ခေတ်ကာလများပြပုံ

၂၂ အောက်တိုဘာ ၁၈၈၅ - ၁၀ နိုဝင်ဘာ ၁၈၈၅

စစ်ဖြစ်စေခဲ့သော ရာဇသံ

people Kinwun Mingyi Queen Supayalat King Thibaw Lord Dufferin Lord Randolf Churchill

Read in English

၁၈၈၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အိန္ဒိယဘုရင်ခံ လော့ဒ်ဒက်ဖရင် (Lord Dufferin) သည် မြန်မာပြည်၏ နိုင်ငံခြား ဆက်ဆံရေးများကို ဗြိတိသျှအိန္ဒိယ အင်ပါယာကသာ အမြဲတမ်း ကိုင်တွယ်သွားမည်ဟု ရာဇသံကို သီပေါမင်း အစိုးရထံ ပေးပို့ခဲ့သည်။ တရားဝင်အားဖြင့် ဘုံဘေဘားမား ကုမ္ပဏီ အငြင်းပွားမှုနှင့် ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် အဖြစ် ထိုရာဇသံကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သော်လည်း နောက်ကွယ် ရည်မှန်းချက်မှာ မြန်မာပြည်၏ အချုပ်အချာ အာဏာကို လုံးဝအဆုံးသတ်ရန် ဖြစ်သည်။ ပြင်သစ်-မြန်မာနိုင်ငံကြား ဆက်ဆံရေး ပိုမို ရင်းနှီးလာမည့် အလားအလာကို ဗြိတိသျှတို့က စိုးရိမ်ခဲ့ကြသည်။ ထို့အပြင် မြန်မာပြည်အား တရုတ်ပြည်နှင့် ကုန်သွယ်ရန် "နောက်တံခါးပေါက်" အဖြစ် အသုံးပြုလိုခဲ့ကြသည်။ လွတ်လပ်သော မြန်မာပြည်သည် မလိုအပ်ဘဲ ကရိကထ များသည်ဟု ရှုမြင်လာကြသည်။ ထိုရာဇသံကို ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ဆိုသည်။

ထိုစဉ်က သီပေါမင်း လက်ထက် မြန်မာအစိုးရသည် ဗြိတိသျှတို့ ဝါဒဖြန့်ခြင်းနှင့် ဆန့်ကျင်စွာပင် တိုင်းပြည်ကို ခေတ်မီတိုးတက်လာရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေခဲ့သည်။ ဖွဲ့စည်းပုံ၊ အုပ်ချုပ်စီမံရေး၊ တိုင်းပြည်ဘဏ္ဍာ အစရှိသော ကဏ္ဍများတွင် အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေခဲ့သည်။ သို့သော် အခွန်ငွေ တိုးမြှင့်ကောက်ခံသည့် အပေါ် ပုန်ကန်သူများကြောင့် အုပ်ချုပ်ရေးပိုင်းတွင် လွန်စွာ အားယုတ်ခဲ့ရသည်။ 

မြန်မာပြည်ကို နယ်ချဲ့ရန် အဓိက တွန်းအားပေးခဲ့သူမှာ ထိုစဉ်က အိန္ဒိယပြည်ထဲရေးဝန်ကြီး ဖြစ်သည့် (ဝင်စတန်ချာချီ - Winston Churchill ၏ ဖခင်) လော့ဒ်ရန်ဒေါ့ချာချီ (Lord Randolph Churchill)  ဖြစ်သည်။ အင်္ဂလန်ပြည်တွင် ရွေးကောက်ပွဲများ ကျင်းပခါနီး ဖြစ်သည့်အလျောက် ရှေးရိုးစွဲ နိုင်ငံရေးသမား ချာချီက သီပေါမင်းကို နန်းချပြီး မြန်မာပြည်ကို သိမ်းပိုက်ခြင်းကြောင့် မဲအပြတ်အသတ် အနိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ 

မြန်မာဘက်တွင် ထိုအခြေအနေအား မည်သို့မည်ပုံ တုံ့ပြန်ရမည်ကို အသည်းအသန် စတင် ဆွေးနွေးကြစဥ်တွင် ကာလကတ္တားမြို့၊ မဒရပ်စ်မြို့နှင့် ရန်ကုန်မြို့ရှိ ဗြိတိသျှတို့မှာမူ စစ်တိုက်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။ 

ဖော်ပြပါပုံများမှာ စစ်ဖြစ်စေသည့် ရာဇသံ ရရှိစဥ်က အဓိက ပါဝင်သူများ ဖြစ်ပြီး (နာရီလက်တံ လားရာအတိုင်း) သီပေါမင်းနှင့် မိဖုရားစုဖုရားလတ်၊ လော့ရန်ဒေါ့ဖ်ချာချီီ၊ ဝန်ရှင်တော် ကင်းဝန်မင်းကြီးနှင့် (ထိုစဉ်က အိန္ဒိယဘုရင်ခံ၊ စစ်ပြီးနောက် ဒပ်ဖရင်နှင့် အင်း၀နယ်စား - Marquess of Duffering and Ava ဖြစ်လာသူ) လော့ဒပ်ဖရင် (Lord Dufferin) တို့၏ ပုံများ ဖြစ်ကြသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်