၂၀ ဒီဇင်ဘာ ၁၉၄၆
မြန်မာနိုင်ငံမှ စွန့်ခွာရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက်
room United Kingdom
people Winston Churchill General Aung San Clement Attlee Pandit Nehru Sir Hubert Rance Mahatma Gandhi
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) သည် “ဓနသဟာယအဖွဲ့ဝင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် အမြန် ဆောင်ရွက်ရမည်” ဟူသော သူ့အစိုးရအဖွဲ့၏ လိုလားချက်ကို လွှတ်တော်ထံ အကြောင်းကြားလိုက်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အင်္ဂလန်ပြည်သည် မြန်မာပြည်မှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်လေပြီ။
ထိုအချိန်က ကလီမန့်အက်တလီ၏ လေဘာအစိုးရသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ပြည်တွင်းစီးပွားရေး ကြပ်တည်းမှုများ တောင်လိုရာလို ပုံနေပြီး အခြေအနေ မကောင်းလှ။ အိန္ဒိယ (India)၊ ပါလက်စတိုင်း (Palestine) နှင့် ဂရိ (Greece) တို့တွင် အရေးပေါ် အခြေအနေများနှင့် ဘေးကြပ်နံကြပ် ဖြစ်နေသည်။ များမကြာမီ အိန္ဒိယပြည်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီး လူသန်းပေါင်းချီကာ အသက်ဆုံးရသည်။ ပါလက်စတိုင်းနိုင်ငံနှင့် ဂရိနိုင်ငံမှာမူ စစ်မီးထတောက်လုနီးပါး အခြေအနေတွင် ရှိနေသည်။ စစ်အေးတိုက်ပွဲကလည်း စနေပြီ။ ဗြိတိသျှတပ်သား တစ်ယောက်ပြီး တစ်ယောက် စစ်တပ်မှ နှုတ်ထွက်သည်။ အင်ပါယာ တစ်ခုလုံး ပုံလဲတော့မည့် အခြေအနေတွင် ရှိနေသည်။ မြန်မာပြည်သည် အဓိကျ မကျသည့် အရေးတစ်ခုသာ ဖြစ်သည်။
ထို့အပြင် အိန္ဒိယပြည်ကို လွတ်လပ်ရေး ပေးရန် သဘောတူလိုက်ပြီး ဖြစ်သဖြင့် မြန်မာပြည်သည် မဟာဗျူဟာအရ အရေးပါတော့မည် မဟုတ်ပေ။ (ဆိုဗီယက်တို့ကို ခုခံရာတွင် အကာအကွယ် အဖြစ် အသုံးဝင်မည့် အနာဂတ် ပါကစ္စတန်နိုင်ငံ (Pakistan) ကဲ့သို့ မဟုတ်။) ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် တစ်စစီ ဖြစ်နေသော မြန်မာပြည်ကို ပြန်လည်ထူထောင်ရန် ကုန်ကျစရိတ်မှာ ဗြိတိသျှတို့ ပေးလိုသည့် ပမာဏထက် ပိုများနေသည်။ နောင်တွင် မာလာယု (Malaya) နှင့် ဟောင်ကောင် (Hong Kong) တို့က အကျိုးအမြတ် ပိုရမည့် နေရာများ ဖြစ်သည်မှာလည်း ရှင်းသည်။
ထို့ကြောင့် “မြန်မာအစိုးရအဖွဲ့”သစ်ကို အမြန် ဖွဲ့စည်းလိုက်သည်။ တစ်ပတ် အတွင်းပင် ကလီမန့်အက်တလီသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ် နှင့် အခြားမြန်မာခေါင်းဆောင်များကို ဇန်နဝါရီလတွင် လန်ဒန်မြို့သို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။ အနာဂတ် လမ်းခရီး အတွက် အဓိက ပြဿနာ ဖြစ်သည့် စစ်ကြီး အတွင်း မဟာမိတ်တို့ကို အကူအညီပေးခဲ့သော ကရင်လူမျိုးများနှင့် “အခြားတောင်တန်းဒေသ လူထု”အတွက် မည်သို့ ဆောင်ရွက်ကြမည်ကိုမူ ချန်လှပ်ထားခဲ့သည်။
အက်တလီ၏ ကြေညာချက်ကို အားလုံးက သဘောတူ ကြိုဆိုခဲ့ကြသည် မဟုတ်ပေ။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် လွှတ်တော်မှတ်တမ်းတွင် ချာချီ (Churchill) က "ဗြိတိသျှ အင်ပါယာကြီးကလဲ အမေရိကန် ချေးငွေလိုပဲ လုံးပါးပါးတာ မြန်လှချည်လား" ဟု ခနဲ့သည်။ မြန်မာပြည်တွင် မဟာမိတ်တို့ လတ်တလော အောင်ပွဲရခဲ့သည်ကို ရည်ညွှန်း၍ ချာချီက "ဗြိတိသျှလူမျိုးတွေရဲ့ သွေးချွေး၊ အိန္ဒိယလူမျိုးတွေရဲ့ သွေးချွေးတွေနဲ့ ဘဝတွေ ရင်းပြီး၊ ငွေကုန်ကြေးကျ အများကြီး ခံပြီး အမှတ် ၁၄ တပ်မတော်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အားထုတ်မှုတွေကြောင့် ဂျပန်တွေကို ချေမှုန်းနိုင်ခဲ့၊ မောင်းထုတ်နိုင်ခဲ့၊ လက်နက်ချခိုင်းနိုင်ခဲ့လို့ တိုင်းပြည် လွတ်လပ်သွားတာမှ တစ်နှစ် မပြည့်သေး။ အခုတော့ တစ်နှစ်တောင် မရှိသေးခင် မြန်မာပြည်ကို အပြီးသတ် စွန့်ခွာဖို့ လိုအပ်တာတွေကို အမြန်ဆုံး ဆောင်ရွက်ရမှာတဲ့လား။" ဟု ဆိုခဲ့သည်။
ဓါတ်ပုံအကြီးတွင် ရန်ကုန်အစိုးရတော်တွင် မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance)နှင့် ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရသည်။ ဘေးရှိ ဓါတ်ပုံများမှာ အိန္ဒိယပြည်နှင့် မြန်မာပြည်တို့ ဗြိတိသျှတို့၏ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အတွက် အဓိက ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသော မဟတ္တမဂန္ဒီ (Mahatma Gandhi)၊ ပန်ဒစ်နေရူး (Pandit Nehru)၊ မိုဟာမက် အလီ ဂျင်နာ (Muhammad Ali Jinnah)၊ ဝင်စတန်ချာချီ (Winston Churchill) နှင့် ကလီမန့်အက်တလီ (Clement Attlee) တို့ ဖြစ်ကြသည်။
လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်