အတွင်းဝင်းသို့ ဝင်ရန် တံခါးပေါက်။
သီပေါမင်း ဗြိတိသျှတို့ထံ လက်နက်ချ အညံ့ခံခဲ့သည့် တောင်ဥယျာဥ်တော် နွေရာသီစံနန်း။
၂၉ နိုဝင်ဘာ ၁၈၈၅
မြန်မာပြည် ဗြိတိသျှလက်အောက် ကျရောက်သွားပြီးနောက်
people Kinwun Mingyi King Thibaw Lord Randolf Churchill Yaw Atwinwun Wetmasut Wundauk Sir Harry Prendergast Sir Charles Bernard Prince of Nyaunggyan
၁၈၈၃ မှ ၁၈၈၅ ခုနှစ် အထိ ဘုရင့်အနီးမှ ပြုပြင်ပြောင်းလဲရေး လိုလားသော ကင်းဝန်မင်းကြီး ဦးဆောင်သည့် ယောအတွင်းဝန်၊ ဝက်မစွပ်ဝန်ထောက် စသည့် အမတ်များသည် ဘုရင့်အာဏာ တည်တံ့ရေး အတွက် လိုအပ်သည်ဟု ယင်းတို့ ယုံကြည်ထားသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ခဲ့ကြချေ။ နန်းတွင်းနှင့် တပ်မတော်တွင်းရှိ ရှေးရိုးစွဲအဖွဲ့များက အဆိုပြုထားသည့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၊ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်းများစွာကို ကန့်လန့်တိုက်ခဲ့ကြသည်။ ပြည်တွင်း၊ ပြည်ပပြဿနာများကလည်း အလျင်အမြန် တိုးပွားနေသည်။ စီးပွားရေး အခြေအနေမှာ ဆုတ်ယုတ်လာသည်။ ကချင်တောင်တန်းဒေသနှင့်လည်း စစ်ဖြစ်နေသည်။ မိုးခေါင်သည်မှာ နှစ်နှစ်ဆက်တိုက်။ မျှော်လင့်မထားဘဲ ပြောင်းရွှေ့အခြေစိုက် နေထိုင်ကြသူ အရေအတွက် မြင့်တက်လာရာ လူထုဆူပူအုံကြွမှုများ ကြီးထွားလာနေသည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်းသည် မန္တလေးရှိ နွေရာသီအပန်းဖြေအိမ်တော် ဝရန်တာမှနေ၍ ဆာဟယ်ရီပရန်ဒါဂက်စ် (Sir Harry Prendergast) ထံသို့ တရားဝင် လက်နက်ချသည်။ ဗြိတိသျှအစိုးရနှင့် အိန္ဒိယဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး လော့ဒ်ရန်ဒေါ့ဖ်ချာချီလ် (Randolph Churchill) တို့သည် မြန်မာပြည် လွတ်လပ်ရေးကို အပြီးသတ် လက်စတုံးပစ်လိုက်လိုသည့် ဆန္ဒရှိသည်။ သို့သော် ယင်းတို့၏ လက်ထဲသို့ ရောက်လာသည့် လက်အောက်ခံ နိုင်ငံသစ်ကို မည်သို့ ကိုင်တွယ်ကြမည်ကို မစဥ်းစားထားကြ။ မြန်မာပြည်ကို သိမ်းပိုက်ရသည့် အဓိက ရည်ရွယ်ချက်မှာ ပြင်သစ်တို့ စိတ်ဝင်စားမှုကို အဆုံးသတ်ရန်၊ (ထိုစဉ်က အချို့နေရာများတွင် ပုန်ကုန်မှုများ ရှိနေသည့်) ကျေးလက်ဒေသ တည်ငြိမ်သွားစေရန်၊ တရုတ်ဈေးကွက်ကို အနောက်ပေါက်မှ ဝင်နိုင်ရန်၊ ဒဏ္ဍာရီလာ မြန်မာ့ နီလာတွင်းများ၊ တောနက်ကြီးများ၊ ရေနံတွင်းများကို အမြတ်ကြီးထုတ်ရန်နှင့် အိန္ဒိယ၏ အရှေ့ဘက် စစ်မျက်နှာကို ကာကွယ်ရန်တို့ ဖြစ်သည်။
သို့သော် ဗြိတိသျှတို့သည် မမျှော်လင့်ထားဘဲ တော်ဝင်မျိုးနွယ်တို့မှ ဦးဆောင်ကာ အပြင်းအထန် အတိုက်အခံပြုခြင်းများကို ရုတ်ချည်းရင်ဆိုင်ရတော့သည်။။ တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ပြီး သက်ဦးဆံပိုင်ဘုရင်ကို ဖြုတ်ချခြင်းမှာ လွယ်ကူသည်။ တော်လှန်မှုများကို ငြိမ်ဝမ်ပိပြားသွားအောင်ပြုလုပ်ရသည်မှာ နှစ်နှင့်ချီ ကြာသလို စစ်သည်အင်အား လေးသောင်း ထပ်ဖြည့်ရသေးသည်။ အတိုက်အခံ ခေါင်းဆောင်များစွာကို ကွပ်မျက်ခံရသည်။ ရွာများ မီးရှို့ခံရသည်။ နောက်ဆက်လာသည့် အစာရေစာ ပြတ်လတ်ကာ ငတ်မွတ်ခေါင်းပါးမှုကြောင့် လူသိန်းနှင့်ချီ အသက်ဆုံးရသည်။ ဟိုက်ဒရာဘတ်ပြည် (Hyderabad) သို့မဟုတ် မဏိပူရပြည် (Manipur) ကဲ့သို့ ဗြိတိသျှ အထိန်းသိမ်းခံ နိုင်ငံ အဖြစ် မြန်မာမင်းသားတစ်ဦးကို ကုန်းဘောင်ထီးနန်းတွင် နန်းတင်ထားရန် ကြံစည်လိုက်သေးသည်။ ထိုအကြံအစည်မှာ အလုပ်မဖြစ်နိုင်ကြောင်း သိရှိသည့်အခါ (တင်မြှောက်လိုသော ညောင်ရမ်းမင်းသားသည် ကာလကတ္တားမြို့ (Calcutta) တွင် နတ်ရွာစံသွားခြင်းကြောင့်) ဗြိတိသျှ မြန်မာပြည် ဘုရင်ခံ ဆာချားလ်စ်ဘားနတ် (Sir Charles Bernard) သည် ကင်းဝန်မင်းကြီး ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့ လွှတ်တော် ဖွဲ့စေကာ လွှတ်တော်မှ တစ်ဆင့်ခံ ဒေသခံ အုပ်စိုးသူများ (မြို့သူကြီးများ နှင့် စော်ဘွားများ) က ဆက်လက်၍ အုပ်ချုပ်သည့် ပုံစံကို စဉ်းစားစေသည်။
၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလတွင် လွှတ်တော် သာမက အခြားသော တော်ဝင်အဖွဲ့အစည်းများကိုပါ ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ရာ မင်းစိုးရာဇာ အနွယ်ဝင်များကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ထို့ထက် ကြမ္မာငင်သော ဆုံးဖြတ်ချက်မှာ မြန်မာပြည်မကို တိုက်ရိုက်အုပ်ချုပ်မည်၊ တောင်တန်းဒေသများ (ရှမ်းပြည်နယ်များ၊ ဘုရင်ဟောင်း အုပ်ချုပ်မှုအောက်တွင် မရှိခဲ့သော ချင်းနှင့် ကချင်တောင်တန်းများ) ကို မျိုးရိုးအမွေ ဆက်ခံသော ဒေသခံ ခေါင်းဆောင်များမှ “တစ်ဆင့်ခံ” အုပ်ချုပ်မည် ဟူ၍ ဖြစ်သည်။ အဆိုပါ ဒေသနှစ်ခု (ယနေ့ ပြည်နယ်နှင့် တိုင်း) များ၏ ကိုလိုနီခေတ် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများမှာ တစ်နေရာနှင့် တစ်နေရာ အတော်ပင် ကွဲပြားခဲ့သည်။ ထို့အတွက်ပင် ဒေသတွင်း ရှုထောင့်အမြင်များလည်း လွန်စွာမှ ကွဲပြားခြားနားနေခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့် အချိန်တွင် ပြဿနာ အကြီးအကျယ် ဖြစ်လာလေတော့သည်။
၁၈၉၀ ပြည့်နှစ် ရောက်မှသာ ဗြိတိသျှတို့သည် အထက်မြန်မာပြည် တစ်ခုလုံးကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ခဲ့တော့သည်။ ထိုသို့ဖြင့် အထိန်းသိမ်းခံနိုင်ငံ အဖြစ် ထားရှိမည့် အကြံအစည်လည်း ဘေးရောက်သွားတော့သည်။ (တောင်တန်းဒေသများမှလွဲ၍) မြန်မာထုံးထမ်း အုပ်ချုပ်မှု အဖွဲ့အစည်းများ အားလုံးလည်း ဖျက်သိမ်းခံရသည်။ မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခု အဖြစ် အင်ပါယာ တိုးချဲ့ခြင်းထဲ ပါသွားခဲ့သည်။ စစ်ဘက်ဆိုင်ရာ ဗျူရိုကရက်တစ် အဖွဲ့အစည်းသစ်များကို ကာလကတ္တားမြို့မှ ယူဆောင်လာခဲ့ကြသည်။ ထိုမှဆက်၍ ဖြစ်သမျှသည်လည်း သမိုင်းတွင်ပါတော့သည်။
ပုံမှာ ၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလက ဗြိတိသျှမြန်မာပြည်၏ မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်စ်ဘားနတ် မန္တလေးနန်းတော်တွင်းသို့ ပထမဆုံး ရောက်ရှိလာပုံ ဖြစ်သည်။