မတ် ၁၈၇၁ - ၁၈၇၂
ဥရောပသို့ ပထမဆုံး စေလွှတ်ခံရသည့် မြန်မာသံအဖွဲ့
room United Kingdom
people Kinwun Mingyi King Mindon Queen Victoria Prince of Kanaung
ပူလောင်အိုက်စပ်သော မတ်လ မနက်ခင်းတစ်ခုတွင် မြန်မာပြည် ဒေါင်းအလံရော၊ ယူကေ ယူနီယံဂျက်အလံပါ လွှင့်ထူထားသော အက်စ်အက်စ် တနင်္သာရီ (SS Tenasserim) ရေနွေးငွေ့သင်္ဘောကြီးသည် ရန်ကုန်မြစ် အတိုင်း စုန်ဆင်းခဲ့ကာ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။ ထိုစဉ်က နောက်ဆုံးပေါ် နည်းပညာဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးကို ဟန်ဒါဆင် ခရီးသည်တင် သင်္ဘောလိုင်း (the Henderson passenger line) အတွက် ဂလက်စ်ဂိုမြို့ (Glasgow) တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အထက်တန်း ခရီးသည်နားနေခန်း ၂၀ ပါဝင်သည်။ သင်္ဘောပေါ်တွင် အင်းဝနေပြည်တော်မှ မြန်မာဘုရင်၏ ဝန်ကြီးတစ်ဦး ဖြစ်သည့် ပညာရှိ ကင်းဝန်မင်းကြီး ဦးဆောင်သော သံတမန်အဖွဲ့ လိုက်ပါလာပြီး တိုင်းပြည်၏ နှစ်ပေါင်းရာချီ တည်တံ့ခဲ့သည့် လွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်းနိုင်မည့် နောက်ဆုံးနှင့် အကောင်းဆုံးအခွင့်အရေးကို အရယူရန် အင်္ဂလန်ပြည်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ထိုခရီးစဉ်သည် ယနေ့ခေတ် သံတမန်ခရီးစဉ်များကဲ့သို့ ရက်တိုခရီး မဟုတ်ပေ။ ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် ဥရောပတိုက်တွင် တစ်နှစ်ကျော် နေထိုင်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် အများအားဖြင့် နေထိုင်ခဲ့သော်လည်း ဗြိတိသျှကျွန်းစုများ၊ ရောမမြို့နှင့် ပါရီမြို့တို့ကိုပါ ရောက်ရှိခဲ့သည်။ သံအဖွဲ့၏ ရည်ရွယ်ချက်မှာ မိမိတို့ဘုရင်နှင့် ဝိတိုရိယဘုရင်မအကြား တိုက်ရိုက် သဘောတူစာချုပ်တစ်ခု ချုပ်ဆိုနိုင်ရေး ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ပါက အိန္ဒိယပြည်မှ မင်းသားအုပ်စိုးသော ပြည်ငယ်များထက် အဆင့်မြင့်သွားပြီး နောင်တွင် ကျူးကျော်လာမည့် အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဟု မြန်မာတို့ဘက်က ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း အနောက်တိုင်းပြည်များကို လည်ပတ်ပြီးသောအခါ ကင်းဝန်မင်းကြီးသည် မိမိ၏ တိုင်းပြည်နှင့် ခေတ်သစ် ဥရောပတိုင်းပြည်များ အကြား သိပ္ပံနှင့် နည်းပညာများတွင် သာမက အခြား အခန်းကဏ္ဍများတွင်ပါ ကွာခြားမှုများ ကြီးမားသည်ကို သိမြင်လာသည်။ ခရီးစဉ်တွင် တွေ့ကြုံခဲ့ရသည်များသည် ကင်းဝန်မင်းကြီး၏ အတွေးအခေါ်များကို များစွာ လွှမ်းမိုးခဲ့သည်။ ထိုအတွေးအခေါ်များကို စာရေးသား ပြောပြခြင်းဖြင့် မန္တလေးတွင် ကျန်ရစ်သူများကိုပါ သြဇာလွှမ်းမိုးနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ပြုပြင်ပြောင်းလဲရေးများ ပေါ်ပေါက်လာပြီး အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရလေတော့သည်။
ကင်းဝန်မင်းကြီးကို ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ ပြီးစကာလက အင်းဝနေပြည်တော်၏ အနောက်မြောက်ဘက် မလှမ်းမကမ်းမှ ချင်းတွင်းမြစ်ကမ်းပေါ်ရှိ မင်းတိုင်ပင်ဆိုသော မြို့ငယ်တွင် မွေးဖွားခဲ့သည်။ ထိုခရီးသွားနေချိန်တွင် အသက်ငါးဆယ် အရွယ်ခန့် ရှိပြီ ဖြစ်သည်။ အမရပူရမြို့ရှိ ဗားကရာကျောင်းတွင် ပညာသင်ကြားခဲ့ပြီး စာပေအရာ ကျွမ်းကျင်နှံ့စပ်သူ၊ စာဆိုကောင်းသူဟု ထင်ရှားသည်။ စစ်မှုထမ်းမျိုးရိုး ဖြစ်သော်လည်း ဉာဏအင်အားဖြင့်သာ အမှုထမ်းခဲ့သည်။ ကနောင်မင်းသားထံတွင် ကနဦး အမှုထမ်းခဲ့ပြီး မင်းတုန်းမင်းသား၏ အိမ်တော်တွင် အမှုထမ်း အဖြစ်လည်းကောင်း၊ နောင်တွင် အိမ်တော်ထိန်း အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ မင်းတုန်းမင်း နန်းတက်သောအခါ ကင်းဝန်မင်းကြီးကို ရွှေတိုက်စိုး အဖြစ် ခန့်အပ်ခဲ့ပြီး မှူးကြီးမတ်ရာ တစ်ဦး ဖြစ်လာစေခဲ့သည်။ ထိုမှစ၍ နေပြည်တော်တွင် တန်ခိုးအာဏာ တဖြည်းဖြည်း ကြီးမြင့်လာတော့သည်။ နောင်တွင် အလုံမြို့စား၊ ထိုမှ လွှတ်တော်စာရေးကြီးနှင့် နောက်ဆုံး ဝန်ကြီးတစ်ပါး ဖြစ်လာသည်။ မန္တလေးမြို့တည်ရန် အတွက် ရှေးမြို့တော်ဟောင်းများ တည်ထားပုံများကို လေ့လာကာ အသေးစိတ်ပုံစံ ရေးဆွဲပေးခဲ့သူ ဖြစ်သည်။ ၁၈၆၆ ခုနှစ်က ပုန်ကန်မှုများတွင် မင်းတုန်းမင်း အားထားခဲ့ရသောကြောင့် ကျေးဇူးတင်နေသည့် မင်းတရားကြီးက အင်မတန် အရေးကြီးလှသော သံခရီးစဉ်တွင် ကင်းဝန်မင်းကြီးကို တာဝန်ပေးလိုက်သည်။
ကင်းဝန်မင်းကြီးနှင့် အတူ နောက်ထပ် နန်းတွင်းကိုယ်စားလှယ်များလည်း ပါသေးသည်။ ပထမတစ်ဦးမှာ ဝန်ထောက် မဟာမင်းလှကျော်ထင် ဖြစ်ပြီး အမေရိကန် သာသနာပြုကျောင်းတွင် ပညာသင်ကြားခဲ့ကာ အင်္ဂလိပ်ဘာသာ နားလည်ကျွမ်းကျင်သည်။ ဒုတိယတစ်ဦးမှာ ပေါ်တူဂီ သို့မဟုတ် အာမေးနီးယန်း သွေးစပ်သည့် မင်းမျိုးမင်းနွယ် ဖြစ်သော မဟာမင်းကျော်ရာဇာ ဖြစ်သည်။ ကာလကတ္တားမြို့တွင် ပညာသင်ကြားခဲ့ပြီး နောင်တွင် ပါရီမြို့ရှိ ဗဟိုဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း (École Centrale des Arts et Manufactures) တွင် ဆက်လက် ပညာသင်ခဲ့သည်။ သူနှင့် ရင်းနှီးသော ဥရောပသားများက သူ၏ သပ်သပ်ရပ်ရပ်၊ ပြင်ပြင်ဆင်ဆင် နေတတ်သော အပြုအမူကို ချီးကျူးတတ်ကြသည်။ အင်းဝနေပြည်တော်တွင် အနောက်တိုင်း အဆန်ဆုံးသော ပုဂ္ဂိုလ်ဟု ဆိုနိုင်ပြီး မကြာခဏ ပြင်သစ်ဝတ်စုံ ဝတ်ဆင်လေ့ ရှိသည်။ မြန်မာ့ဓလေ့များကို စွန့်ပယ်ကာ ပါရီမြို့တွင် ပြင်သစ်အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျခဲ့သောကြောင့် ကင်းဝန်မင်းကြီးကပင် စာစပ်ကာ ဝေဖန်ခဲ့သေးသည်။ (ထိုခေတ်အခါက မင်းစိုးရာဇာတို့သည် ထိုသို့ စာပေလက်စွမ်း ပြတတ်ကြသည်။) နောက်ဆုံး လိုက်ပါလာသော ကိုယ်စားလှယ်မှာ အင်းဝခေတ် မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်လာသူ နေမျိုးမင်းထင်သူရိန် ဖြစ်သည်။ ပြင်သစ်စစ်တက္ကသိုလ် L’École Saint-Cyr ကျောင်းဆင်း ဖြစ်ပြီး များမကြာမီ ပျက်သုဉ်းသွားမည့် မြန်မာ့မြင်းတပ်မှ ကသည်းမြင်းတပ်တွင် ကာလတိုတောင်းစွာသာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ သံအဖွဲ့တွင် အကူအညီအဖြစ် လိုက်ပါလာသူမှာ ရန်ကုန်မြို့မှ ကုန်သည်တစ်ဦး ဖြစ်ပြီး ဘုရင့်သံတစ်ဦး အဖြစ်လဲ တာဝန်ထမ်းဆောင်နေသော မစ္စတာ အက်ဒမန်ဂျုံးစ် (Mr. Edmund Jones) ဖြစ်သည်။
သင်္ဘောသည် နက်ပြာသော အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းရွက်လွှင့်ကာ စီလုံကျွန်း (Ceylon) ကို ကွေ့ပတ်၊ စူးအက်တူးမြောင်း (Suez Canal) ထဲမှ ခရီးဆက်လာ၍ ကိုင်ရိုမြို့ (Cairo) သို့ ရောက်ရှိလာသည်။ သံအဖွဲ့သည် ပိရမစ်များကို တအံ့တသြ ကြည့်ရှုခဲ့သေးသည်။ သူတို့ တွေ့ကြုံခဲ့ရသည့် အီဂျစ်နိုင်ငံ၏ အနောက်တိုင်းပုံစံ အုပ်ချုပ်ရေးကိုလည်း သဘောကျခဲ့ကြသည်။ ဥရောပတိုက်တွင် ပထမဆုံး ဆိုက်ကပ်သည့် အီတလီနိုင်ငံသို့ ရောက်သောအခါ ပြည်သူများက တခမ်းတနား နှုတ်ဆက်ကြိုဆိုကြသလို ဘုရင်ဗစ်တာအီမန်နျူရယ် (Victor Emmanuel) နှင့်လည်း တွေ့ဆုံခွင့် ရခဲ့သည်။ ထို့နောက် ကမ္ဘာလှည့်ခရီးသည်များ အဖြစ် ပွန်ပေမြို့ (Pompeii) ကို လည်ပတ်ခဲ့ကြသည်။ ရှေးမြို့ပျက်ကြီး အကြောင်းကို ကင်းဝန်မင်းကြီးက အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ “ထိုသို့ ပြန်လည်တူးဖော် လေ့လာမှသာ မိမိတို့၏ ဘိုးဘေးများ မည်မျှပညာရှိခဲ့၊ တိုးတက်ခဲ့ကြောင်းကို ခေတ်သစ်လူတို့ နားလည်နိုင်မည်။ ဤသည်မှာ ဥရောပသားတို့၏ အကျင့်စရိုက် ဖြစ်ပြီး ရှေးဟောင်းမြို့များ၊ အဆောက်အဦများကို ရှာဖွေထိန်းသိမ်းရန် အမြဲတစေ အားထုတ်ကြသည်” ဟု မှတ်ချက်ပြုခဲ့သည်။ မြန်မာသံအဖွဲ့သည် အသစ်ကျပ်ချွတ် ပြန်လည်ပေါင်းစည်းထားသော အီတလီနိုင်ငံကို သဘောကျခဲ့ကာ အီတလီ၏ ပြောင်းလဲဖွံ့ဖြိုးလာမှုအဆင့်ဆင့်ကို မြန်မာတို့ အတုယူသင့်သည်ဟု ယူဆခဲ့ကြသည်။
ထိုမှ ဖလောရင့်မြို့ (Florence)၊ ပြင်သစ်နိုင်ငံ တောင်ပိုင်းဒေသ၊ ပါရီမြို့ (Paris - နပိုလီယံ၏ အုတ်ဂူကို သွားရောက် ကြည့်ရှုခဲ့ကြသေးသည်။) တို့ကို ဖြတ်သန်းခရီးဆက်ကာ ဇွန်လ ၄ ရက်နေ့တွင် ဒိုဗာမြို့ (Dover) သို့ ဆိုက်ရောက်ခဲ့သည်။ ဗြိတိသျှ အရာရှိများက သံအဖွဲ့ကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုကြပြီး (“မိမိတို့၏ နောက်ဆုံးနေ့ရက်များအထိ ဒိုဗာမြို့ကို မေ့နိုင်တော့မည် မဟုတ်ပါ”) သေနတ် ၁၉ လက် ပစ်ဖောက်ဂုဏ်ပြုကာ အထူးလှည်းများဖြင့် ခေါ်ဆောင်သွားသည်။ လမ်းတစ်လျှောက်တွင် လမ်းဘေးလျှောက်လမ်းများ၊ နေအိမ်များမှ ပြည်သူများက နှုတ်ဆက်သြဘာပေးခဲ့ကြသည်။ နောက်ဆုံး လန်ဒန်မြို့သို့ ရောက်သောအခါ ဂရို့စ်ဗနာဟိုတယ် (Grosvenor Hotel) တွင် တည်းရန်အခန်းများ စီစဉ်ပြီးနောက် မစ္စတာဂျုံးစ်က မြန်မာသံအဖွဲ့သစ်နှင့် သင့်လျော်မည့် မြင်းလှည်းများ၊ နောက်လိုက်များ၊ အစေခံများနှင့် ဆက်သားများကို ငှားရမ်းရန် ဆောင်ရွက်ခဲ့သည်။
နောက်လာသည့် ရက်သတ္တပတ်များတွင် ဝိတိုရိယခေတ်နှောင်း လူမှုအဖွဲ့အစည်းကို တက်သုတ်ရိုက်လည်ပတ်ခဲ့ကြသည်။ ပထမဦးစွာ နေသာသည့် ဇွန်လတစ်ရက်တွင် အက်စ်ကော့ (Ascot) ကို သွားရောက်လည်ပတ်ခဲ့ကြသည်။ ဝေလမင်းသားက မင်းသားတို့၏ ဟိတ်ဟန် မရှိဘဲ လူသာမန်ကဲ့သို့ အရပ်သား အဝတ်အစားကို ဝတ်ဆင်လျှက် လူအများကြား ကူးလူသွားလာကာ အများသူငါတို့နှင့် ရင်းရင်းနှီးနှီး စကားပြောဆိုနေသည်ကို ကင်းဝန်မင်းကြီးနှင့်အဖွဲ့က သတိပြုမိကြသည်။ ခရီးစဉ်တစ်လျှောက်တွင် လူပရိတ်သတ်တို့က သံအဖွဲ့ကို အားရဝမ်းသာ ကြိုဆိုကြပြီး သံအဖွဲ့ကလည်း ပြန်လည်ဦးညွတ် နှုတ်ဆက်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် နေသာသည့်နေ့များ ရှားပါးလှကြောင်း သံအဖွဲ့က သိနှင့်ပြီးသား ဖြစ်သည်။
ယောက်ျားလေး ၇၀၀ ဦးကို စာသင်ပေးရုံမက အဝတ်ဆင်ပေး၊ နေစရာပေး၊ ထမင်းပါကျွေးသော စာသင်ကျောင်းတစ်ကျောင်းကို သွားရောက်လေ့လာခဲ့သည်။ အပြစ်သားများကို ထားသော အကျဉ်းထောင်နှင့် သေဒဏ်စီရင်သော နေရာများ ရှိသည့် လန်ဒန်ရဲတိုက် (Tower of London) ကိုလည်း လန်ဒန်မြို့စားမင်းက လိုက်လံပြသခဲ့သည်။ ကန်ဆင်တန်ပြတိုက် (Museum of Kensington) တွင် ပြုလုပ်သော ဧည့်ခံကြိုဆိုပွဲကိုလည်း တက်ရောက်ခဲ့သည်။ နောက်ရက်တွင် ဒယ်ဗွန်ရှိုင်းယားနယ်စား (Duke of Devonshire) ၏ နယ်အိမ်တော်ကို သွားရောက်လည်ပတ်ခြင်း၊ တေးဂီတပွဲ နားထောင်ခြင်း၊ ဝက်စ်မင်စတာ (Westminster) တွင် ပါလီမန်အမတ်များနှင့် မိတ်ဆုံစားခြင်းများ ပြုလုပ်ခဲ့သည်။
ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် မဒမ်တူးဆော့ (Madame Tussaud’s) ပြတိုက်သို့ ရောက်သောအခါ မိမိတို့ အပြင်တွင် မြင်ဖူးထားခဲ့သော ပုဂ္ဂိုလ်များ (ဥပမာ - ဝေလမင်းသား) ၏ ပုံတူဖယောင်းရုပ်များကို တွေ့ခဲ့ရသည်။ ခန်းမအပြည့် ရှိနေသော ဖယောင်းရုပ်များနှင့် ပြတိုက်သို့ ကြည့်ရှုသူများအကြောင်းကို ကင်းဝန်မင်းကြီးက “သက်မဲ့ဖယောင်းရုပ်နှင့် သက်ရှိလူများကို ခွဲခြားရန် ခက်ခဲလှသည်” ဟု မှတ်တမ်းရေးသားခဲ့သည်။ ပြတိုက်အကြောင်း စာအုပ်တစ်အုပ် လက်ဆောင်ပေးအပ်လိုက်သည်ကို ဟိုတယ်ပြန်ရောက်သောအခါ အတူတကွ ကြည့်ရှုကြသည်။ အက်ဆက်စ်နယ်စား (Earl of Essex) အိမ်တော်တွင် ပြုလုပ်သော ရန်ပုံငွေပွဲကို တက်ရောက်သောအခါ နယ်စားက သံအဖွဲ့ကို အိမ်ထဲခေါ်သွားကာ ၎င်းမိဘများက ရူပီး လေးသောင်းပေးကာ ဝယ်ယူခဲ့သော မျောက်ရုပ် ပုံတူပန်းချီကားကို ပြသခဲ့သည်။ ထိုနှစ်က ပြုလုပ်သော အီတန်ကျောင်း (Eton) နှင့် ဟယ်ရိုးကျောင်း (Harrow) တို့ ယှဉ်ပြိုင်ကစားသည့် ကရစ်ကတ်ပွဲကို တက်ရောက်အားပေးခဲ့သည်။ မစ်ဒယ်ဆက် အကျဉ်းထောင် (Middlesex Prison) ကို လေ့လာခြင်း၊ ဖန်သားနန်းတော် (Crystal Palace) ကို လည်ပတ်ခြင်း၊ စိန့်ဂျော့ (St. George) ဆေးရုံ၏ သန့်ရှင်းသပ်ရပ်သော ဆေးကုသဆောင်ကို ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့နောက် စိတ်သက်သက်သာသာ ဖြစ်စေမည့် ပတ်ဝန်းကျင်တွင် လူနာများကို ဆေးကုသစောင့်ရှောက်မှုပေးသော ဘက်သလေဟန် စိတ်ရောဂါကုဆေးရုံ (Bethlehem Mental Asylum) ကိုလည်း သွားရောက်ခဲ့သည်။ နောက်အပတ်တွင် ဝက်စ်မင်စတာ ဘုရားကျောင်း (Westminster Abbey) သို့ လည်ပတ်ခြင်း၊ ဟမ်ပ်တန်ကော့ (Hampton Court) သို့ လှေစီးထွက်ခြင်း၊ ဗြိတိသျှပြတိုက်ကြီးမှ ပြခန်းတွင် လေ့လာခြင်းတို့ ပြုလုပ်ခဲ့သည်။ (မြန်မာပြည်၏ အောက်တိုဘာလရက်တမျှ) ပူပြင်းသော ဇူလိုင်ညနေခင်း တစ်ခုတွင် မိမိတို့အား နွေးထွေးစွာ ကြိုဆိုခဲ့သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် သံအဖွဲ့သည် တော်ဝင်သင်္ဘောပေါ်၌ ဧည့်ခံပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။
ထိုအတွေအ့ကြုံများသည် (အနောက်တိုင်းတွင် နေထိုင်ဖူးသည့် အခြားသံအဖွဲ့ဝင်များ အတွက် ဤမျှလောက် မဆိုနိုင်သော်လည်း) ကင်းဝန်မင်းကြီး အတွက်မူ မျက်စိပွင့် နားပွင့်စရာ ဖြစ်ခဲ့ရသည်။ ယခင်က အနောက်တိုင်း၏ ကျူးကျော်မှုကို မြန်မာတို့ တွန်းလှန်နိုင်မည်လားဟု သံသယမကင်း ရှိခဲ့လျှင် ယခုမူ ပို၍သာ သေချာသွားလေသည်။ သိပ္ဗံနှင့် နည်းပညာတွင် သာမက လူနေမှု၊ နိုင်ငံရေး စသည့် အဘက်ဘက်တွင် ကွာဟမှုရှိနေသည်မှာ သိသာလှသည်။ မြန်မာဘုရင် နန်းကျသွားသည်မတိုင်ခင်အထိ ကင်းဝန်မင်းကြီးသည် ဗြိတိသျှတို့နှင့် အလျှော့အတင်းပြု ညှိနှိုင်းရေးအတွက်သာ အကြံပေးပါလိမ့်မည်။ ထို့အပြင် နန်းတော်တွင်းတွင်လည်း ခေတ်မီအောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အားပေးသူများဘက်မှ ရပ်တည်ပါလိမ့်မည်။ သို့သော် ယခုလောလောဆယ်တွင်မူ သူ၏ လုပ်ငန်းတာဝန်မှာ ဘုရင်မကြီးနှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဖြစ်သည်။
ဇွန်လ ၂၁ ရက်နေ့တွင် သံအဖွဲ့သည် ဝင်ဆာရဲတိုက် (Windsor Castle) တွင် ဝိတိုရိယဘုရင်မကြီး (Queen Victoria) နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ တော်ဝင်ရထားပေါ်တွင် အကောင်းဆုံး ပိုးဖဲဝတ်ရုံများ ဝတ်ဆင်ထားသော သံအဖွဲ့သည် ဘုရင်မကြီး ရှေ့တော်သို့ ဝင်ရမည်ကို အထူးပင် စိတ်လှုပ်ရှားနေတော့သည်။ လန်ဒန်မြို့ အပြင်ဘက်ရှိ ဘူတာရုံငယ်တွင် ဘုရင်မကြီး၏ အိမ်တော်ထိန်း ဗိုင်းကောင့် ဆစ်ဒနီ (Viscount Sydney) က ရထားလုံး သုံးစီးနှင့် လာရောက်ကြိုဆိုသည်။ ရဲတိုက်ထဲသို့ ရောက်သောအခါ ဘုရင်မကြီးက (ဥရောပသားတို့၏ အနက်နဲဆုံး လေးစားမှုကို ပြသသော အမူအရာဖြင့်) မတ်တပ်ရပ် ကြိုဆိုပြီး ယင်းနောက် ကင်းဝန်မင်းကြီးက သယ်ဆောင်လာသည့် သဝဏ်လွှာကြုတ်နှင့် လက်ဆောင်ပဏ္ဏာများကို ဆက်သသည်။
“ဘုန်းတော်ကြီးမြတ်သော နေထွက်ဘုရင် မြန်မာမင်းမြတ် ကျန်းမာပါရဲ့လား။”
“ဘုရင်မင်းမြတ် ကျန်းမာပါတယ်၊ ဘုရင်မကြီး ခင်ဗျာ။”
“သံအမတ်ကြီးတို့ အင်္ဂလန်ပြည်သို့ လာရောက်ရသည့် ခရီးလမ်း သာယာဖြောင့်ဖြူးပါရဲ့လား။”
“ခရီးလမ်း သာယာဖြောင့်ဖြူးပါတယ်၊ ဘုရင်မကြီး ခင်ဗျာ။”
ထိုသို့ အာလာပသလ္လာပ စကားစမြည်ဖြင့်သာ ပြီးဆုံးသွားသည်။ ဘုရင်မကြီး၏ ရှေ့တော်သို့ ဆင့်ခေါ်ရာတွင် နိုင်ငံခြားရေး အတွင်းဝန် မဟုတ်ဘဲ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်ဖြစ်သူ အာဂိုင်းလ်မြို့စား (Duke of Argyll) က မိတ်ဆက်ပေးခဲ့သည့်အတွက်ကိုလည်း သံအဖွဲ့က သဘောမတွေ့ပေ။ သို့သော်လည်း ဤတွေ့ဆုံခြင်းသည် အစဖြစ်မည်ဟု မျှော်လင့်ကာ ရဲတိုက်ကို လှည့်ပတ်ကြည့်ရှုပြီး ဂရိတ်ဝက်စ်တန် ဘူတာရုံ (Great Western Station) မှ ဂရို့စ်ဗနာဟိုတယ်သို့ ပြန်ခဲ့ကြသည်။ ထိုညနေတွင် ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် “တော်ဝင်မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ တိုင်းတစ်ပါးမှ သံအမတ်များနှင့် ဇနီးများ၊ မင်းစိုးရာဇာများ၊ အရာရှိကြီးများနှင့် ဇနီးများ တရင်းတနှီး ကခုန်ပျော်ပါးကြမည့်” ဘက်ကင်ဟန်နန်းတော် (Buckingham Palace) တွင် ကျင်းပသည့် ဧည့်ခံပွဲသို့ ဖိတ်ကြားခံခဲ့ရသည်။
ဗြိတိန်နိုင်ငံတွင် နေထိုင်ခဲ့သော ကာလအတွင်း ကုန်သည်ကြီးများ အသင်းအမျိုးမျိုးနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းတို့ စိတ်ဝင်စားသည်မှာ မြန်မာပြည်ကို မဟုတ်ဘဲ နာမည်ကျော် တရုတ်ပြည်ဈေးကွက်ထဲသို့ နောက်တံခါး ဖြစ်သည့် မြန်မာပြည်မှ တစ်ဆင့် ထိုးဖောက်နိုင်ရန် ဖြစ်သည်။ တရုတ်-မြန်မာ ရထားလမ်းသာ ဖောက်လုပ်နိုင်ပါက ကျိကျိတက် ချမ်းသာနိုင်ကြမည်ဟု မျှော်လင့်ကြသည်။ ကင်းဝန်မင်းကြီးသည် မန်ချက်စတာမြို့ (Manchester)၊ ဘာမင်ဟန်မြို့ (Birmingham)၊ လိဒ်စ်မြို့ (Leeds) နှင့် အခြားသော စက်မှုမြို့တော်များကို သွားရောက်ကာ စက်ရုံများကို လည်ပတ်ကြည့်ရှုခြင်း၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ပြုလုပ်ခဲ့ပြီး အားလုံးက တရုတ်ပြည်ပေါ် အထူး စိတ်ဝင်စားကြသည်ကို တွေ့ရှိရသည်။ သံအဖွဲ့ ရောက်လေရာ နေရာတိုင်းတွင် စိတ်ဝင်တစား လာရောက်ကြည့်ရှုသော လူအုပ်ကြီးများကလည်း အဆက်မပြတ်ပေ။ မြန်မာသံအဖွဲ့က ဘာမင်ဟန်မြို့မှ ခြောက်နာရီရထားနှင့် ထွက်လာပြီး လစ်ဗာပူးမြို့ရှိ လိုင်းစတိ (Lime Street) ဘူတာရုံသို့ ရောက်သောအခါ ယောက်ျား၊ မိန်းမ၊ ကလေးပေါင်း အယောက်၂၀၀၀ ခန့်ပင် လာရောက်ကြိုဆိုခဲ့ကြသည်။
ကင်းဝန်မင်းကြီးသည် မြန်မာပြည်၏ အလားအလာကို မြှောက်ပင့်ပြောဆိုကာ လစ်ဗာပူး ကုန်သည်ကြီးများ အသင်းက အထင်အမြင် ကြီးလာစေရန် ကြိုးပမ်းခဲ့သည်။ နောင်ရာစုနှစ် အတွင်း တိုင်းပြည်အကြောင်း ပြောမည်ဆိုပါက ထိုမြှောက်ပင့်ပြောဆိုပုံမျိုးကို မကြာခဏ ထပ်ဖန်တလဲလဲ အသုံးပြုခဲ့ကြပါသည်။
မိမိတို့၏ တိုင်းပြည်သည် မြေဆီသြဇာ ကြွယ်ဝ၍ သဘာ၀ သယံဇာတ ပေါကြွယ်ဝသည်။ ပတ္တမြားနှင့် ကျောက်မျက်ရတနာတွင်းကောင်းများလည်း ရှိသည်။ မိမိတို့၏ ကျွန်းသစ်သည် ကမ္ဘာပေါ်တွင် ပြိုင်စံရှားသည်။ အလျှံအပယ် ထွက်နေသော မိမိတို့၏ ရေနံတွင်းများကို ဥရောပသားဧည့်သည်တို့ တအံ့တသြ ဖြစ်ရသည်။ သံနှင့် မီးသွေးတို့လည်း ထွက်ရှိသေးသည်။ ရွှေငွေတို့လည်း ထုတ်လုပ်နိုင်သည်။ မိမိတို့၏ မြေမှ နှမ်း၊ ဆေးရွက်ကြီး၊ လက်ဖက်၊ မဲနယ်၊ ဆန်၊ ဂျုံ၊ ပြောင်းအမျိုးမျိုး ပေါများစွာ ထွက်ရှိသည်။ ဤသို့ ပေါကြွယ်ဝလှသော တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အချိန်ကျလာပြီ ဖြစ်ကြောင်း အနောက်တိုင်းပြည်များက သဘောတူညီသည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။
ဤကာလက လူအများစုထံတွင် မြန်မာဘုရင်သည် တရုတ်ပြည်နှင့် ကုန်သွယ်ရန် တံခါးဖွင့်ပေးမည် မဟုတ်ဘဲ အနှောင့်အတားသာ ဖြစ်မည်ဆိုသော အယူအဆ ရှိနေခဲ့သည်။ ဟယ်လီဖက်စ် (Halifax) တွင် ကင်းဝန်မင်းကြီးက ရတနာပုံနေပြည်တော်သည် တရုတ်ပြည်သို့ ရထားလမ်း ဖောက်လုပ်ခြင်းကို မကန့်ကွက်ကြောင်း၊ သို့ရာတွင် အဆိုပြုထားသော လမ်းကြောင်းမှာ ဝေးလံခေါင်သီပြီး ခရီးကြမ်းကို ဖြတ်သန်းသွားရန် ရည်ရွယ်သည်မှာ ခေတ်သစ်ဆောက်လုပ်ရေး နည်းပညာများနှင့်ပင် လက်တွေ့လုပ်ဆောင်ရန် ခဲယဉ်းကြောင်းကို အထူးတလည် ရှင်းလင်းပြခဲ့သည်။
ဂလက်စ်ဂိုမြို့ (Glasgow) တွင် စတော့အိတ်ချိန်းကို သွားရောက်လေ့လာပြီး မြို့တော်ခန်းမတွင် ကုန်သည် ၃၀၀ ကျော်နှင့် နေ့လည်စာ တည်ခင်းဧည့်ခံကြသည်။ ဤသည်မှာ ရန်ကုန်မြို့ရှိ စကော့တစ်ရှ် စီးပွားရေး အသိုင်းအဝိုင်းသား အများစု၏ ဇာတိမြို့ ဖြစ်သည်။ ကုန်သည်ကြီးများ အသင်း၏ ဥက္ကဌက “အမှန်အတိုင်း ဆိုရပါက လွန်ခဲ့သည့်နှစ်ကာလ အနည်းငယ်ကို ပြန်ကြည့်လျှင် မြန်မာမင်းနေပြည်၏ စီးပွားရေးမှာ အခက်အခဲ၊ အတားအဆီးများစွာရှိနေသည့်အတွက် တိုးတက်လာမှု လုံးဝမရှိ။ ထိုအခက်အခဲ၊ အတားအဆီးများကို မြန်မာမင်းက ဖြေရှင်းပေးမှသာ တိုင်းပြည် နှစ်ပြည်လုံး အမှန်တကယ်အကျိုးရှိလာပေမည်” ဟု ဆိုသည်။
ထိုသို့ဖြင့် သံအဖွဲ့လည်း ခရီးဆက်ခဲ့ကြရာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အိုင်းရစ်ရေလက်ကြား (Irish Channel) ကို ဖြတ်သန်းပြီးနောက် ဒပ်ဗလင်မြို့ (Dublin) သို့ ရထားဖြင့် ရောက်ရှိလာကြသည်။ ရှဲလ်ဘန်းဟိုတယ် (Shelburne Hotel) တွင် တည်းခိုကာ စိန့်ပက်ထရစ် ဘုရားကျောင်း (St. Patrick’s Church) နှင့် ဒပ်ဗလင်မြို့၏ ကျောင်းကြီး (ထရီနီတီကောလိပ် - Trinity College) တို့ကို လည်ပတ်ခဲ့ကြသည်။ အိမ်ရှင်ဖြစ်သူ အိုင်ယာလန်လူမျိုးများက ညနေပိုင်း ဖျော်ဖြေရေး အစီအစဉ်အဖြစ် ရင်ချင်းဆက် အမြွာနှစ်ဦး၊ လူပုလေးများ၏ အကစသည်တို့ကို စီစဉ်ပေးထားကြသည်။ မိုးကျသောအချိန် အိုင်ယာလန် ကျေးလက်ပိုင်းသို့ သွားရောက်လည်ပတ်သည်။ အိုင်ယာလန်ရှိ မြေဆီလွှာသည် ညိုညစ်ညစ်နှင့် ဗွက်တောများပြီး အင်္ဂလန်ကမြေထက် မြေဆီသြဇာ နည်းပုံရကာ သီးနှံအထွက်နည်းသည်ကို ကင်းဝန်မင်းကြီးက သတိပြုမိခဲ့သည်။
နယူးကာဆယ်မြို့ (Newcastle) ရှိ နက္ခတ်တာရာကြည့် မျှော်စင်တွင် လကမ္ဘာသည် ချိုင့်ခွက်များနှင့် ပြည့်နေကြောင်း၊ လပေါ်ရှိရေသည် တစ်ပတ်ခြား တစ်ခါ ခဲလိုက်၊ ဆူလိုက် ဖြစ်ကြောင်း၊ သက်ရှိသတ္တဝါ မရှိကြောင်းကို ကင်းဝန်မင်းကြီးက စိတ်ဝင်တစား မှတ်သားခဲ့သည်။ အီဒင်ဘရာမြို့ (Edinburgh) ဟောလီရော့ဒ် (Holyrood) တွင် ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် စကော့ဘုရင်များ၏ ပုံတူပန်းချီကားများကို ကြည့်ရှုကာ ကင်းဝန်မင်းကြီးသည် “လှပသော စကော့ဘုရင်မ မေရီ (Mary Queen of Scots) ၏ ဝမ်းနည်းစရာ သမိုင်းကြောင်း” ကို အထူးစိတ်ဝင်စားခဲ့သည်။
ဤသို့လည်ပတ်ရခြင်းများမှာ ပျော်မွေ့စရာကောင်းလှပါသည်။ သို့သော် လပေါင်းများစွာ လှည့်ပတ်သွားလာနေပြီးသည့်တိုင် ဘုရင်မနှင့် တစ်ကြိမ်သာ တွေ့ဆုံခွင့်ရပြီး ဗြိတိသျှတို့ကလည်း စာချုပ်ချုပ်ဆိုရန် စိတ်ဝင်စားဟန် လုံးဝမပြချေ။ နေပြည်တော်မှ မင်းတုန်းမင်းကလည်း စိတ်မရှည်တော့ပြီ။ နိုဝင်ဘာလသို့ ရောက်သောအခါ ကင်းဝန်မင်းကြီးနှင့် အဖွဲ့ကို ပါရီမြို့ (Paris) သို့ သွားစေကာ မြန်မာပြည်တွင် အခြားသော မိတ်ဖက်တိုင်းပြည်များလည်း ရှိကြောင်း၊ အသစ်တည်ထောင်ထားသော ပြင်သစ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်သွယ်စာချုပ် ချုပ်ဆိုနိုင်သည် ဖြစ်ကြောင်း အရိပ်အမြွက်ပြစေသည်။
ပြင်သစ်-ပရပ်ရှားစစ်ပွဲပြီးခါစ စစ်ဒဏ်ကြောင့် အပျက်အစီးများစွာ ရှိခဲ့သည့်တိုင် ထိုနေရာတွင် လည်ပတ်စရာ မနည်းမနောပင်။ လုဗ်ပြတိုက် (Louvre) ထဲတွင် ပြသထားသည့် လက်နက်များ၊ ဂျပန်ပိုးထည်များ၊ အီဂျစ်မံမီရုပ်များကို တွေ့ခဲ့ပြီး အမျိုးသား ပြတိုက်တွင် ပုဂံခေတ်က မာကိုပိုလို (Marco Polo) ရေးဆွဲခဲ့သည်ဟု ဆိုသော ရှေးဟောင်း မြေပုံပေါ်တွင် မြန်မာပြည်ကို ထည့်သွင်းဖော်ပြထားသည်ကို ကင်းဝန်မင်းကြီးက အံ့အားတသင့် ဖြစ်ခဲ့သည်။ “ဥရောပသားများသည် မြန်မာပြည်ကို ရာစုနှစ်များစွာကပင် လာရောက်ခဲ့ကြောင်း” တွေးမိသည်ဟု ကင်းဝန်မင်းကြီးက မှတ်ချက်ပေးခဲ့သည်။
ခရစ္စမတ် ရောက်ခါနီးတွင် ပထမဆုံနှင်းကျသည်ကို မြင်ဖူးခဲ့သည်။ သံအဖွဲ့သည် ဗာဆိုင်းနန်းတော် (Versailles) သို့ ချီတက်သွားကာ ပြင်သစ်သမ္မတနှင့် တွေ့ဆုံပြီး ကုန်သွယ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဤသို့ဖြင့် ပြင်သစ်-မြန်မာ ဆက်ဆံရေး အစပြုခဲ့သည်။ ထိုဆက်ဆံရေးကို လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့သလောက် ဖြစ်ခဲ့ပါသည်။ ထိုဆက်ဆံရေးကြောင့်ပင် ဗြိတိသျှတို့ အဆိုးဆုံးအခြေအနေကို တွေးမိပြီး ကင်းဝန်မင်းကြီးတို့၏ တိုင်းပြည်ကို အပိုင်သိမ်းရန် အဆောတလျင် ဆုံးဖြတ်ခဲ့ကြလေသည်။
~သန့်မြင့်ဦး၏ ‘The River of Lost Footsteps’ စာအုပ်မှ ကောက်နှုတ်ပါသည်။
ပုံတွင် ဥရောပသို့ သွားရောက်ခဲ့သည့် မြန်မာသံအဖွဲ့ကို မြင်တွေ့နိုင်သည်။ (ဝဲမှယာသို့) ထိုင်နေကြသူများမှာ လွှတ်တော်စာရေးကြီး နေမျိုးမင်းထင်သူရိန် မောင်ချိမ့်၊ ဖန်ချက်ဝန်ထောက် မဟာမင်းကျော်ရာဇာ မောင်ရွှေအိုး (ပါရီမြို့တွင် ပညာသင်ကြားခဲ့)၊ ကင်းဝန်မင်းကြီး (သံအဖွဲ့ခေါင်းဆောင်)၊ ပန်းတဉ်းဝန်ထောက် မဟာမင်းလှကျော်ထင် မောင်ရွှေပင် (ကာလကတ္တားမြို့တွင် ပညာသင်ကြားခဲ့)တို့ ဖြစ်ကြသည်။ နောက်တွင် ရပ်နေကြသူများမှာ မန္တလေးမြို့မှ ဗြိတိသျှ ကိုယ်စားလှယ် (ဖြစ်ဖွယ်ရှိသော) ဗိုလ်မှူး အေအာမက်မဟုန် (A. R. McMahon) နှင့် ရန်ကုန်ရှိ မြန်မာသံမှူး အက်ဒမန်ဂျုံးစ် (Edmund Jones) ဖြစ်သည်။