အမေ့ခံအတိတ်
အမေ့ခံအတိတ်
အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး

event_note ခေတ်ကာလများပြပုံ

၅ ဒီဇင်ဘာ ၁၉၆၁ - ၂၁ ဒီဇင်ဘာ ၁၉၆၁

အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး

room Israel

people ဦးနု David Ben Gurion President Mahn Win Maung General Ne Win Chief Justice U Thein Maung

Read in English

၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစ္စရေးနိုင်ငံ (Israel) တည်ထောင်သူနှင့် ပထမဆုံးသော ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန် (David Ben-Gurion) မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့ခြင်းမှာ သမိုင်းတွင်ပေသည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်း ကာလများက မြန်မာပြည်သည် စစ်မက်ရေးရာ အပါအဝင် အခြားသော ကိစ္စရပ်များတွင် အစ္စရေးနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်သွယ်ခဲ့ကြကြောင်းကို သိသူနည်းပါးပါသည်။ တိုင်းပြည် နှစ်ပြည်လုံးသည် ဗြိတိသျှအင်ပါယာမှ မရှေးမနှောင်း လွတ်လပ်ရေးရခဲ့ကြသည်။ နှစ်ပြည်လုံးပင် ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ရသည်။ နှစ်ပြည်လုံးကို (အစောပိုင်း) ဦးဆောင်ခဲ့ကြသူများမှာ ရွေးကောက်ခံ ဆိုရှယ်လစ် အစိုးရများ ဖြစ်ကြသည်။ အစ္စရေးနိုင်ငံ တည်ထောင်စတွင် ဦးဆုံး အသိအမှတ်ပြုသော အာရှနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ထိုသို့ အသိအမှတ် ပြုခြင်းအားဖြင့် မြန်မာပြည်သည် အစ္စရေးနိုင်ငံကို ကမ္ဘာ့ နိုင်ငံရေး မျက်နှာစာသို့ တွန်းတင်ပေးနိုင်ခဲ့ပြီး ဂျူးလူမျိုးတို့ ကိုယ်စား ဆိုဗီယက် ခေါင်းဆောင်များနှင့် ဝင်ရောက်ဆွေးနွေးဖို့ပင် ကြိုးပမ်းခဲ့ဖူးသည်။

ရန်ကုန်မြို့သည် ကိုလိုနီခေတ်က တက်ကြွသော ဂျူးလူမျိုး ၂၀၀၀ ကျော် နေထိုင်ရာ ဖြစ်သည်။ ၁၉၃၀ ခုနှစ်များဆီက ဂျူးလူမျိုး မြို့တော်ဝန်တစ်ယောက်ပင် ခန့်အပ်ခဲ့ဖူးသည်။ (ဒေးဗစ် ဆိုဖာ - David Sofaer ဖြစ်သည်။ သူ၏ မိသားစုဝင်များက ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဆိုဖာအဆောက်အဦး (Sofaer building) ကို ဆောက်လုပ်ခဲ့ကြပြီး ယနေ့တိုင် တွေ့နိုင်သေးသည်။)

၁၉၅၀ ပြည့်နှစ်များ အတွင်း ဦးနု၊ ဗိုလ်ချုပ်နေဝင်းတို့သည် အစ္စရေးနိုင်ငံသို့ မကြာခဏ သွားရောက်ခဲ့သလို မြန်မာနိုင်ငံသို့ အစ္စရေးနိုင်ငံမှ ဧည့်သည်တော်ကြီးများလည်း လာရောက်လည်ပတ်ခဲ့ဖူးပါသည်။ ဒေးဗစ်ဘင်ဂူရီယန် (David Ben Gurion)၊ အက်ဘာအီဘန် (Abba Eban)၊ မိုရှေဒေယန် (Moshe Dayan)၊ ၊ရှီမွန်ပိရာ့စ် (Shimon Peres)၊   မိုရှေရှာရတ် (Moshe Sharett)နှင့် ဂိုလ်ဒါမေယာ (Golda Meir) တို့ ဖြစ်သည်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသော ဒေးဗစ်ဘင်ဂူရီယန်သည် (ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ်) မြန်မာပြည်၌ ၁၆ ရက်ကျော် နေသွားခဲ့သည်။ သူကိုယ်တိုင် မြန်မာအဝတ်အစားများကို ဝတ်ဆင်ခဲ့ပြီး သူနှင့် လိုက်ပါလာသည့် အခြားသော အရာရှိများကိုလည်း ဝတ်ဆင်စေခဲ့သေးသည်။)

ဖော်ပြပါ ဓါတ်ပုံများမှာ ၁၉၅၅-၁၉၆၂ ခုနှစ်များက အစ္စရေးနှင့် မြန်မာခေါင်းဆောင်များ တွေ့ဆုံကြမှုများ ဖြစ်ပါသည်။ (၁) ရန်ကုန်မြို့ အစိုးရအိမ်တော်တွင်  ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်အား သမ္မတ မန်းဝင်းမောင်နှင့် ဦးနုတို့နှင့် အတူ တွေ့ရစဉ်၊ (၂) ဦးနု၊ ဝန်ကြီးချုပ် မိုရှေရှာရက်နှင့် အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  မိုရှေဒါယန်တို့ ဂုဏ်ပြုတပ်ဖွဲ့ဝင်များကို စစ်ဆေးကြည့်ရှုစဉ်၊ (၃) ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်နှင့် တရားသူကြီးချုပ် ဦးသိန်းမောင်တို့ကို ရွှေတိဂုံ စေတီတော်၌ တွေ့ရစဉ်၊ (၄) တယ်လ်အဗိ (Tel-Aviv) လေဆိပ်တွင် ဗိုလ်ချုပ်နေဝင်းနှင့် ဒေးဗစ်ဘင်ဂူရီယန်တို့ကို မြင်တွေ့ရစဉ်နှင့် (၅) တယ်လ်အဗိရောက် ဦးနုတို့ ဖြစ်သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်