အမေ့ခံအတိတ်
အမေ့ခံအတိတ်
သံချက်ဝန်ဦးမြူ
event_note ခေတ်ကာလများပြပုံ

၁၈၆၈ - ၁၉၀၅

သံချက်ဝန်ဦးမြူ

people Kinwun Mingyi King Mindon Thangyet Wun U Myu King Thibaw

Read in English

ဤရှားရှားပါးပါး ဓါတ်ပုံတွင် သံချက်ဝန် ဦးမြူကို မြင်ရသည်။ သံချက်ဝန် ဦးမြူ (နောင်တွင် မင်းကြီးမင်းလှ မဟာစည်သူကျော် ဘွဲ့ခံ) သည် အဝနန်းတွင်းရှိ မှူးမတ်မျိုးနွယ် ရှေးမိသားစုတစ်ခုမှ ဆင်းသက်လာသည်။ ပါရီမြို့တွင် ပညာဆည်းပူးခဲ့သော ပထမဦးဆုံး မြန်မာလူမျိုးများထဲမှ တစ်ယောက် ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင် ပြင်သစ်ပြည် ဗဟိုဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း (École Centrale des Arts et Manufactures) မှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ၁၈၇၀ ပြည့်နှစ် အလွန်တွင် ပြင်သစ်နိုင်ငံသို့ ပြန်သွားကာ ဆက်လက်ပညာသင်ယူခဲ့သည်။ 

မင်းတုန်းမင်းကြီး၏ တိုင်းပြည် အတွင်း ပထမဦးဆုံးသောစက်ရုံကြီးများ တည်ထောင်မည့် ကြိုးပမ်းမှုကို ဦးဆောင်လျက် ဦးမြူသည် မန္တလေးမြို့တွင် ရာထူးတာဝန် မျိုးစုံကို ထမ်းရွက်ခဲ့သည်။ သို့သော် သူ၏အဓိက ထမ်းရွက်ချက်မှာ သံတမန် အဖြစ် ဖြစ်ခဲ့သည်။ ၁၈၇၁ ခုနှစ်က ကင်းဝန်မင်းကြီး၏ ရာဇဝင်တွင်သော ဥရောပခရီးစဥ်တွင် လိုက်ပါခဲ့ပြီး ၁၈၇၅ ခုနှစ် ကာလကတ္တားမြို့ (Calcutta)၊ ၁၈၈၁ ခုနှစ် ဆင်းမလားမြို့ (Simla) သို့ စေလွှတ်ခံရသော သံအဖွဲ့တို့တွင်လည်း လိုက်ပါသွားခဲ့သည်။ ၁၈၈၅ ခုနှစ်က သီပေါမင်း နန်းမကျမီ လအနည်းငယ် အလိုတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းကို ခံရသည်။ ရတနာပုံနေပြည်တော် မပြိုလဲခင် ရက်သတ္တပတ် နှစ်ပတ် အတွင်း ဦးမြူသည် အခြားသော ဥရောပအစိုးရများထံမှ သံတမန်ဆိုင်ရာ အထောက်အပံ့ကို စုရုံးနိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သည်။ နောက်ဆုံး၌ မြန်မာတို့နှင့် မဟာမိတ်စာချုပ် ချုပ်ဆိုထားသည့် ပြင်သစ်ထံမှပင်လျှင် အကူအညီ တစိုးတစိမှ မရရှိခဲ့ချေ။ 

သက်ဦးဆံပိုင် ဘုရင်စနစ် ပြိုလဲပြီးနောက် ဦးမြူနှင့် သူ၏နောက်တော်ပါများ၊ မြန်မာလူမျိုး ပညာရှင် ၂၂ ဦးတို့သည် ပါရီမြို့တွင် သောင်တင်နေခဲ့သည်။ နောက်ဆုံးတွင် ပင်စင်လစာ အနည်းငယ် လက်ခံရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာခဲ့ကြလေသည်။ ဦးမြူသည် ၁၉၀၅ ခုနှစ်က အသက် ၆၂ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ တိုင်းပြည် ဗြိတိသျှလက်အောက်သို့ ရောက်သွားသည့်အခါ ဦးမြူ အပါအဝင် ဥရောပပြန် ဘွဲ့ရ မျိုးဆက်တို့သည် မိမိတို့ အလုပ်တစ်ပိုင်း ပြတ်ကာ တိုင်းပြည် အတွက် အလုပ်အကျွေးပြုရန် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ 

ဤသည်မှာ ၁၈၇၅ ခုနှစ်က ကင်းဝန်မင်းကြီး ခေါင်းဆောင်သည့် ကာလကတ္တား သံတမန်ခရီးစဉ်အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။ ထိုစဉ်က ဦးမြူသည် အသက် ၃၂ နှစ်သာ ရှိသေးပြီး ပြင်သစ်ပြည်မှ ပြန်ရောက်ခါစ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်